ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ ဒေးဗစ် ဒီဂီယာက ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ မရခဲ့ရင် ကစားသမားဘဝ ကနေ အနားယူဖို့ စဉ်းစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၃နှစ် အရွယ် စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာက အက်သလက်တီကို မက်ဒရစ်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် ဂိုးသမား တဦး ဖြစ်ပြီး သူက ၂၀၁၁ခုနှစ် ကနေ ၂၀၂၃ခုနှစ် အထိ ၁၂နှစ်ကြာအောင် မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးခဲ့ပါတယ်။

Photo Credit: Goal

ဒေးဗစ် ဒီဂီယာက သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝမှာ ပြိုင်ပွဲစုံ ၅၄၅ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုး ၅၉၀ဂိုး ခွင့်ပြုခဲ့ရကာ ပေးဂိုးမရှိတဲ့ပွဲ ၁၉၀ပွဲ ရခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ဆုဖလား ၈လုံး အထိ ရယူ ပိုင်ဆိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒီဂီယာကို ဘောလုံးကိုင် ကစားရာမှာ အားနည်းသလို လုပ်ခလစာ မြင့်မားတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စာချုပ်သစ် ထပ်မချုပ်ပဲ လမ်းခွဲခဲ့ပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် ဒီဂီယာက ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပ ထိပ်သီးကလပ်တွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အဆိုပါကလပ်တွေက ဒီဂီယာနဲ့ ဆွေးနွေးမှုတွေ လုပ်ပြီးနောက် ဒီဂီယာအစား အခြား ဂိုးသမားတွေကိုသာ ခေါ်ယူသွားခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ ဒီဂီယာဟာ နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပေမယ့် ကစားသမားဘဝ အဆုံးသတ်ခါနီးမှာ အရန်ဂိုးသမား မလုပ်ချင်သလို နယူးကာဆယ် အစား ထိပ်သီးအသင်းတွေဆီသာ ပြောင်းရွှေ့ ကစားချင်နေပြီး ဥရောပ ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေသာ မရခဲ့ရင် ရာသီကုန်မှာ အနားယူဖို့ စဉ်းစားနေကြောင်း သိရှိရပါတယ်။