မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာက မန်ချက်စတာမြို့ဆီ ပြန်လည် ရောက်ရှိနေတုန်း ယူနိုက်တက် အမျိုးသမီးအသင်းရဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်ကို လာရောက် ကြည့်ရှု အားပေးသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ ဆယ်စုနှစ် တစ်ခုကျော်လောက်အထိ ပါဝင် ကစားပေးခဲ့ရင်း ဒီနွေမှ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရတဲ့ ဒီဂီယာဟာ လက်ရှိအချိန်ထိ ကလပ်အသင်းလက်မဲ့ ဖြစ်နေရပြီး ယူနိုက်တက် ပရိသတ် အများစုကတော့ ဂိုးသမားသစ် အိုနာနာ လက်စွမ်းပိုင်း ကျဆင်းနေချိန် ဒီဂီယာကို အသင်းထံ ပြန်လာစေချင်နေပါတယ်။
Photo Credit : The Sun
ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက်ပိုင်း မက်ဒရစ်မှာ မိသားစုအတူ နေထိုင်နေတဲ့ ဒီဂီယာဟာ မနေ့ကပဲ မန်ချက်စတာမြို့ဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီး ယူနိုက်တက် ကစားသမားအဖြစ် ကျင်လည်ခဲ့စဉ်တုန်းက နေထိုင်ခဲ့တဲ့ နေအိမ်ဆီလည်း ရောက်ရှ်ိနေသလို ယူနိုက်တက် အမျိုးသမီးပွဲကို အားပေး ကြည့်ရှုခဲ့ပါသေးတယ်။
ဒီဂီယာက ယူနိုက်တက်အသင်းမှာ (၁၂)နှစ်အထိ ပါဝင် ကစားခဲ့သူဖြစ်လို့ အသင်းအပေါ်မှာ အတော်လေး သံယောဇဉ် တွယ်မိနေတာကြောင့် အခုလို ယူနိုက်တက်နဲ့ ပတ်သက်တဲ့ ပွဲစဉ်တွေကို တကူးတက လာရောက် အားပေးခဲ့တာဖြစ်ပြီး အသင်းအပေါ် ချစ်မြတ်နိုးတဲ့ ဒီဂီယာကိုလည်း ယူနိုက်တက် ပရိသတ်တွေက လွမ်းဆွတ်နေကြပါတယ်။
Photo Credit : Daily Star
လက်ရှိမှာ ဒီဂီယာနေရာ အစားဝင်လာခဲ့တဲ့ ဂိုးသာမား အိုနာနာက လက်စွမ်းပိုင်းတွေ အတော်လေး ဆိုးရွှားလွန်းနေတာကြောင့် ဒီဂီယာကို ယူနိုက်တက် ပရိသတ်တွေ ပိုပြီး သတိရနေစရာ ဖြစ်နေရပြီး အသင်းဆီ ပြန်လာဖို့ပါ တောင်းဆိုထားကြပါသေးတယ်။
အသက် (၃၂)နှစ်အရွယ် စပိန်လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာကို ဆော်ဒီ နဲ့ စပိန်ကလပ်အသင်းတွေက ချိတ်ဆက်ထားခဲ့ပေမယ့်လည်း ဒီဂီယာကိုယ်တိုင်က သူ့အတွက် အသင်းသစ်ကို သေသေချာချာ ရွေးချယ်သွားဖွယ်သာ ရှိနေပြီး စိတ်တိုင်းကျ အသင်းသစ် မတွေ့ရင်တော့ ကစားသမားဘဝကို အဆုံးသတ်လိုက်နိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။