ဒဏ်ရာပြသာနာကြောင့် လအတန်ကြာအထိ အနားယူနေရတဲ့ မန်ချက်စတာ စီးတီး ကွင်းလယ်ကစားသမား ကယ်ဗင် ဒီဘရိုင်းက သူ့အနေနဲ့ မကြာခင်မှာပဲ အကောင်းဆုံးသော စွမ်းဆောင်မှုတွေနဲ့အတူ မြက်ခင်းစိမ်းပေါ်ကို ပြန်လာတော့မယ်လို့ ကြွေးကြော် ပြောဆိုလိုက်ပါတယ်။

အသက် (၃၂)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဒီဘရိုင်းဟာ မန်စီးတီး နဲ့ ဘန်လေတို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာပဲ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အဲ့ဒီအချိန်ကတည်းကနေ အခုထိ တောက်လျှောက် အနားယူနေရတာ ဖြစ်ပါတယ်။

Photo Credit : Football Transfer

မန်စီးတီးအသင်းဆီကို လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက ဝုလ်ဖ်ဘတ်ကနေ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ (၃၅၈)ပွဲကစား (၉၆)ဂိုးသွင်း (၁၅၃)ဂိုးဖန်တီးပေးထားနိုင်တဲ့ ဒီဘရိုင်းဟာ မန်စီးတီးရဲ့ လုံးဝ အရေးပါဆုံးသော ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီဘရိုင်းလို အသင်းအတွက် အရေးပါလှတဲ့ ကစားသမားတစ်ဦး လအတန်ကြာ အနားယူနေရချိန် မန်စီးတီးအတွက် ထိုးနှက်ချက် ဖြစ်နေရပေမယ့် ဒီဘရိုင်းကတော့ သိပ်မကြာခင်မှာပဲ စီးတီးအတွက် ပြန်လည် ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။ “(၄)လလောက်အထိ အနားယူနေရတာတောင် ကျွန်တော်က ကစားသမားတစ်ယောက်အနေနဲ့ ကိုယ့်ကိုက်ိုယ် ပြောင်းလဲဖို့ နည်းလမ်းတွေပါ ရှာကြံခဲ့ပါတယ်။”

Photo Credit : TEAMtalk

“ဒါကြောင့် ကျွန်တော်အနေနဲ့ ကျွန်တော် အရင်က စွမ်းဆောင်ခဲ့အတိုင်း လုပ်နိုင်ဦးမှာ။ ကျွန်တော် ကွင်းထဲကို တစ်ကြိမ်လောက် ပြန်ရောက်သွားပြီ ဆိုတာနဲ့ ကျွန်တော် အဆင်ပြေသွားလိမ့်မယ်။ ဘောလုံးကို ကောင်းကောင်း ဆက်ကစားနိုင်ဖို့ပဲ ကျွန်တော် မျှော်လင့်ထားပါတယ်။”

“နောက်ပြီး ကျွန်တော် အကောင်းဆုံးတွေ ဖြစ်ချင်ပါတယ်။ အဲ့ဒါက ရပ်တန့်သွားမှာ မဟုတ်ဘူး။ အကောင်းဆုံးအသင်းမှာ ပါဝင်ကစားချင်တယ်။ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမား ဖြစ်လာချင်တယ်။ အဲ့ဒီရည်ရွယ်ချက်တွေ လှုံဆော်မှုတွေက ကျွန်တော့်ဆီမှာ အခုထိ ရှိနေဆဲပါပဲ။” လို့ ဒီဘရိုင်းက ဖွင့်ဟသွားခဲ့ပါတယ်။