မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကစားသမား ကယ်လ်ဗင် ဒီဘရိုင်းနားက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အာဆင်နယ် အပါအဝင် ဘယ်အသင်းကိုမှ စိုးရိမ်နေမှာ မဟုတ်ဘူးလို့ အခိုင်အမာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက အမှတ်ပေးဇယားထိပ်မှာ အချိန်တစ်ခုကြာ ရပ်တည်ခဲ့ပြီး ချန်ပီယံဆုနဲ့ လွဲသွားခဲ့ရတဲ့ အာဆင်နယ်က ဒီနွေမှာ ပြင်ဆင်မှုတွေ အားကောင်းနေပြီး ကွန်မြူနတီဒိုင်းပွဲမှာလည်း မန်စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး (၁၇)ကြိမ်မြောက် ကွန်မြူနတီဒိုင်း ချန်ပီယံ ဖြစ်ထားခဲ့ပါသေးတယ်။

Photo Credit : Sports Mole

အာဆင်နယ်အသင်းက အခုလို တောင့်တင်းမှုတွေ ရှိလာခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စီးတီး အာဆင်နယ် (၂)သင်းတည်းသာ ပြိုင်ရမှာ မဟုတ်ပဲ ကလပ်အသင်း (၉)သင်းလောက်အထိ အပြိုင်လုရမှာ ဖြစ်လို့ ဘယ်အသင်းကိုမှ အာရုံထားနေစရာ မလိုအပ်ပဲ ကိုယ့်အသင်းအပေါ်မှာသာ အပြည့်အဝ အာရုံစိုက်ထားရမယ်လို့ ဒီဘရိုင်းနားက ပြောဆိုလိုက်ပါတယ်။

“ပရီးမီးယားလိဂ် ဆုဖလားအတွက်ဆိုရင် ကလပ်အသင်း (၈)သင်း (၉)သင်းလောက်အထိ ရှိနေတာပါ။ ဒါကြောင် ကျွန်တော်ကတော့ ဒီအသင်းတွေအပေါ် ဘာစိုးရိမ်မှုမှ ရှိနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့က ကိုယ်လုပ်စရာရှိတာကိုသာ လုပ်နေရုံပါပဲ။” လို့ ဒီဘရိုင်းနားက ပြောဆိုခဲ့ပါတယ်။

Photo Credit : Pain in the Arsenal

ဒါ့အပြင် အာဆင်နယ်နဲ့ပွဲက အခြေအနေနဲ့ ပတ်သက်ပြီး “ကစားသမားတိုင်းကတော့ ပိုပြီး sharp ဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ကစားတာ အဆင်ပြေခဲ့တယ်။ ဂိုးရဖို့ အခွင့်အရေးတွေလည်း ရခဲ့တယ်။ အဆုံးသတ်မှာတော့ ဘာလုပ်နိုင်မှာလဲ။ လူထိပြီး ဂိုးဝင်သွားတာလေ။ တကယ်ကို အဆင်မပြေတဲ့ ဂိုးပါ။” လို့ ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိမှာ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို (၄)ကြိမ် ဆက်တိုပ်အထိ စံချိန်တင် ရယူနိုင်ဖို့ အာရုံစိုက်ထားပြီး တစ်ရာသီအတွင်း ဆုဖလား (၃)လုံး Treble Champions ရယူတာထက် ပရီးမီးယားလိဂ် ဖလားကို (၄)နှစ်ဆက်တိုက် ရယူဖို့က ပိုမိုပြီး ခဲယဥ်းတယ်လို့ မန်စီးတီး နည်းပြ ပက်ပ် ဂွာဒီယိုလာက မှတ်ချက်ပြု ပြောဆိုထားခဲ့ပါတယ်။