ခရစ္စတီယာနို ရော်နယ်လ်ဒိုလို လက်ရှိ ဘောလုံးကမ္ဘာရဲ့ GOAT ကြီးတစ်ဦး ရောက်ရှိလာပြီးနောက်ပိုင်း ဆော်ဒီလိဂ်ရဲ့ အရှိန်အဝါ ပရိသတ် စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့သလို သူတို့ဆီက ကလပ်အသင်းတွေရဲ့ ငွေကြေးသုံးစွဲမှုတွေကလည်း ဥရောပဘောလုံးရပ်ဝန်းမှာ ကျင်လည်နေတဲ့ ထိပ်တန်း ကစားသမားတွေကိုပါ စွဲဆောင်လာနိုင်ခဲ့ပါတယ်။

အခုဆိုရင် ဆော်ဒီလိဂ်မှာ ရော်နယ်လ်ဒိုအပြင် နေမာ ၊ ဘန်ဇီမာ ၊ မာရက်ဇ် ၊ မာနေး ၊ ကန်တေ ၊ ဖာဘင်ဟို ၊ မီထရိုဗစ် ၊ ဘရိုဇိုဗစ် ၊ ဘိုနူတို့လို ထိပ်တန်း ကစားသမားတွေ ရှိနေကြပေမယ့်လည်း ဆော်ဒီလိဂ်ရဲ့ ထိပ်သီးကလပ်တွေကတော့ နောက်ထပ် ဒိတ်ဒိတ်ကြဲ ကစားသမားတွေကို ထပ်မံ ပစ်မှတ်ထားလာခဲ့ပြန်ပါတယ်။

Photo Credit : Football Transfer

ဆော်ဒီလိဂ် ကလပ်အသင်းတွေ အလိုရှိနေကြတဲ့ ကစားသမားတွေထဲမှာ မန်စီးတီး ကွင်းလယ်လူ ကယ်လ်ဗင် ဒီဘရိုင်းလည်း အပါအဝင် ဖြစ်နေပါတယ်။ မန်စီးတီးရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဂိုးဖန်တီးမှု အားကောင်းတဲ့ ဒီဘရိုင်းလို ကစားသမားမျိုးကို ဆော်ဒီလိဂ် ထိပ်သီးကလပ်တွေဖြစ်တဲ့ အယ်လ်နာဆာနဲ့ အယ်လ်ဟီလာတို့က အပြိုင်အဆိုင်ကို စိတ်ဝင်စားလို့နေပါတယ်။

မကြာခင်မှာပဲ အသက် (၃၃)နှစ်ပြည့်တော့မယ့် ဒီဘရိုင်းဟာလည်း ဒီနွေမှာ မန်စီးတီးကနေ ထွက်ခွာသွားဖို့ အစီအစဉ် ရှိနေပြီး မန်စီးတီးဘက်ကလည်း သူတို့ကစားသမားအတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးသာ ရလာခဲ့မယ်ဆိုရင် ရောင်းထုတ်သွားဖို့ ရှိလာနိုင်ပါတယ်။ ဒီလို အနာဂတ် မရေမရာတော့တဲ့ ဒီဘရိုင်းကို ဆော်ဒီလိဂ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လာတဲ့အခါ ဒီဘရိုင်းက “ဆော်ဒီလိဂ်ဆီကိုလား။ လက်ရှိ အသက်အရွယ်မှာတော့ အရာရာတိုင်းအတွက် တံခါးဖွင့်ထားရပါမယ်။”

Photo Credit : Goal

“နောက်ပြီး ကျွန်တော်ရဲ့ ကစားသမားဘဝ နောက်ဆုံးအဆင့်မှာ ရရှိလာနိုင်တဲ့ မယုံကြည်နိုင်လောက်အောင် များပြားလှတဲ့ ငွေကြေးတွေအကြောင်း ပြောဆိုနေရတာဆိုတော့ အဲ့ဒါကို သေချာစဉ်းစားသွားဖို့ လိုအပ်ပါမယ်။ ဆော်ဒီက ကျွန်တော့်ဇနီးအတွက်လည်း ထူးခြားဆန်းပြားတဲ့ စွန့်စားခန်းတစ်ခုလို ဖြစ်နေမှာဆိုတော့ အဆင်ပြေပြေ ဖြစ်နေပါလိမ့်မယ်။ ဆိုတော့ ကျွန်တော် ကျွန်တော့်အနာဂတ်အတွက် စဉ်းစားရပါတော့မယ်။”

“တကယ်လို့ ကျွန်တော် ဆော်ဒီမှာ (၂)နှစ်လောက် ကစားလိုက်မယ်ဆိုရင် မယုံနိုင်လောက်စရာ ငွေကြေးပမာဏတွေ ရနိုင်မှာပါ။ အရင် ဘောလုံးသမားဘဝမှာ (၁၅)နှစ်တာ ကျင်လည်ခဲ့တုန်းက ရရှိခဲ့တဲ့ ငွေကြေးပမာဏတွေကတော့ အဲ့ဒီ (၂)နှစ်တာမှာ ရလာနိုင်တဲ့ ပမာဏကို မီနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ဆက်ရမယ့် အနာဂတ်မှာ ဒါက ကိုယ့်အတွက် ဘယ်လောက် အဓိပ္ပါယ် ရှိနိုင်မလဲဆိုတာကို စဉ်းစားရပါမယ်။” လို့ ပြောဆိုလာခဲ့ပါတယ်။