မန်ချက်စတာ စီးတီးအသင်းရဲ့ ဂန္တဝင်ကစားသမား ကီဗင် ဒီဘရိုင်းဟာ နေပယ်လ်မြို့မှာ အိမ်တစ်လုံးဝယ်ယူထားကြောင်း အတည်ပြုအပြီးမှာ နာပိုလီအသင်းဆီ ပြောင်းရွှေ့ဖို့ တဖြည်းဖြည်း နီးစပ်လာပုံရတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။
La Gazetta dello Sport သတင်းစာရဲ့ ဖော်ပြချက်အရ ဒီဘရိုင်းရဲ့ အေးဂျင့်တွေဟာ နာပိုလီ ကိုယ်စားလှယ်တွေနဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီး (၂)နှစ်သက်တမ်းရှိစာချုပ် (နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ပါ) နဲ့ ယူရို(၁၀)သန်း (ပေါင် ၈.၄ သန်း) လက်မှတ်ထိုးကြေး အပိုဆုကြေးတို့အတွက် ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
Photo Credit : Goal
ဒီဘရိုင်းဟာ မန်စီးတီးရဲ့ အကြီးကျယ်ဆုံး အရေးအပါဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပေမယ့်လည်း အသင်းဘက်ကတော့ သူ့ကို စာချုပ်သစ်ကမ်းလှမ်းခြင်း မရှိခဲ့ပါဘူး။ အသက်(၃၃)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ တနင်္ဂနွေနေ့က မန်ချက်စတာကလပ်အတွက် နောက်ဆုံးပွဲစဉ်ကို ကစားခဲ့ပြီး အခုအခါမှာတော့ free agent ကစားသမား ဖြစ်လာပါတော့မယ်။
လက်ရှိမှာတော့ ဒီဘရိုင်းဟာ မကြာခင်ကမှ စီးရီးအေ အမှတ်ပေးချန်ပီယံ ဖြစ်လာခဲ့တဲ့ နာပိုလီအသင်းဆီ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေ အကြီးအကျယ်ထွက်ပေါ်နေပါတယ်။ နာပိုလီဥက္ကဌ အော်ရယ်လီယို ဒီလောရန်းတစ်စ်ရဲ့ အဆိုအရ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားဟာ နေပယ်လ်မှာ အိမ်ဝယ်ထားပြီးဖြစ်လို့ ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။
Photo Credit : Football365
သူက RAI သတင်းဌာနကို “ဒီဘရိုင်း နာပိုလီရဲ့ ချန်ပီယံအောင်ပွဲခံဖို့ အနီးအနားမှာ ရှိနေနိုင်မလား? ဖြစ်နိုင်ပါတယ် ဟုတ်ပါတယ်။ သူ ဒီမြို့မှာ လှပတဲ့အိမ်တစ်လုံး ဝယ်ထားတယ်။ ကျွန်တော် ဒီမနက်ပဲ သူ သူ့ဇနီး သူ့ရဲ့ (၉)နှစ်အရွယ်သားလေးနဲ့ ဖုန်းပြောဖြစ်ခဲ့တယ်။ အရမ်းကို ကြည်နူးစရာ မြင်ကွင်းပါပဲ။ ဘာမှတော့ စာချုပ်လက်မှတ်မထိုးရသေးပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းမှာ အောင်မြင်တဲ့ ကစားသမားဘဝကို ရရှိခဲ့ပြီး စီးတီးအတွက်လည်း ဆုဖလား အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမား ဒီဘရိုင်းဟာ အခုတော့ ဆယ်စုနှစ်တစ်ခုကြာ ကျင်လည်ခဲ့တဲ့ စီးတီးကနေ ထွက်ခွာပြီး လာမယ့်ရာသီမှာ နာပိုလီအသင်းနဲ့ ပူးပေါင်းဖို့ဆိုတာ အချိန်အတိုင်းအတာတစ်ခုပဲ လိုပါတောတ့ယ်။