ပူပူနွေးနွေး ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းက လာမယ့် နွေဈေးကွက်မှာ အမေရိကန် ၊ မေဂျာလိဂ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဒီဘရိုင်းရဲ့ ကိုယ်စားလှယ်တွေက မေဂျာလိဂ်ကလပ် ဆန်ဒီယေဂိုရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် ကယ်ဗင် ဒီဘရိုင်းက ၂၀၁၅ခုနှစ်မှာ ဝုဖ်ဘက်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။

Photo Credit: Goal

ကယ်ဗင် ဒီဘရိုင်းက မန်ချက်စတာ စီးတီးရဲ့ ဆုဖလား အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ၈နှစ်တိုင်တိုင် ပါဝင်ခဲ့ပေမယ့် သူက အသက်အရွယ် ရလာတာနဲ့အမျှ ကြံ့ခိုင်မှု အားနည်းလာခဲ့ပြီး ဒီရာသီမှာဆိုရင် ကယ်ဗင် ဒီဘရိုင်းဟာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

၂၅ပွဲသာ ပါဝင် ကစားခွင့် ရခဲ့ပေမယ့် ကယ်ဗင် ဒီဘရိုင်းက သွင်းဂိုး ၆ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ကြိမ် အထိ ရရှိခဲ့တာကြောင့် သူဟာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ ဖြစ်နေဆဲ ဆိုတာကို သက်သေပြထားနိုင်ပြီး ဒီဘရိုင်းနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Transfer Market

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ ကယ်ဗင် ဒီဘရိုင်းရဲ့ ကိုယ်စားလှယ်တွေက ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက်ကလပ် ဆန်ဒီယေဂိုရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဒီဘရိုင်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဒီဘရိုင်းဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေချင်တာကြောင့် ဆန်ဒီယေဂိုဆီ ပြောင်းဖို့ စိတ်ဝင်စားနေတာလို့ သိရှိရပါတယ်။

မန်ချက်စတာ စီးတီးက ဒီဘရိုင်းရဲ့ ကြံ့ခိုင်မှုအပိုင်းကို အားမရတော့ပေမယ့် ဒီဘရိုင်းမှာ ကမ္ဘာ့အဆင့် ခြေစွမ်းတွေ ကျန်နေသေးတာကြောင့် ဒီဘရိုင်းကို အသင်းမှာ နောက်ထပ် ၁ရာသီ ဆက်ရှိနေစေချင်ပြီး အကယ်၍ ဒီဘရိုင်းဘက်က အသင်းပြောင်းခွင့် တောင်းခံလာမယ် ဆိုရင်တော့ လက်ခံပေးမယ်လို့ မန်ချက်စတာ စီးတီးနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။