ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကနေဒါ ဘယ်နောက်ခံကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာ လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရီးယဲလ်က ဒီနွေမှာလည်း လက်ရှိ ကမ္ဘာ့ဘောလုံးဇာတ်ခုံရဲ့ ထိပ်တန်းကစားသမားဖြစ်သူ ကီလီယန် အမ်ဘာပေကို ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့ကြေး လုံးဝမပါဝင်ပဲ အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့သလို အရင်ကလည်း အန်တိုနီယို ရူဒီဂါနဲ့ ဒေးဗစ် အာလာဘာတို့လို ကစားသမားကောင်းတွေကိုပါ အလွတ်နဲ့ပဲ ခေါ်ယူထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : Barvarin Football Works

ရီးယဲလ် ခေါ်ယူချင်နေတဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာလည်း လက်ရှိမှာ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့တာဖြစ်လို့ cut-price တန်ကြေးနဲ့သာ ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့်လည်း သက်တမ်းကုန်သွားမှပဲ အလွတ်နဲ့ ခေါ်ယူဖို့ကိုသာ ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။

ဘိုင်ယန်ကလည်း အယ်လ်ဖွန်ဆို ဒေးဗီးစ်လို ကွာလတီ ကစားသမားကောင်းတစ်ဦးကို အလွတ်နဲ့ လက်မလွတ်ချင်တဲ့အတွက် စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပေမယ့်လည်း ကစားသမားဖြစ်သူကတော့ စာချုပ်သစ်အပေါ် ဘာမှ တုံ့ပြန်ထားခြင်း မရှိသေးတာကြောင့် ဒေးဗီး်စ်ကို အလွတ်နဲ့သာ လက်လွတ်ရဖို့ အခြေအနေက ပိုများနေပါတယ်။

Photo Credit : Managing Madrid

ဒီလို အခြေအနေမှာပဲ ရီးယဲလ်အသင်းက လာမယ့်နွေမှာ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို အလွတ်နဲ့ ခေါ်ယူဖို့ ကြိုတင် စီစဉ်လာခဲ့ပြီး စပိန်အခြေစိုက် AS သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ ရီးယဲလ်ဟာ လာမယ့်နွေမှာ ဒေးဗီးစ်ကို free transfer နဲ့ ခေါ်ယူသွားဖို့ ကြိုတင် သဘောတူညီမှု ရယူထားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

လက်ရှိ ရီးယဲလ်အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာမှာ ဖာလန် မန်ဒီနဲ့ ဖယ်ရန် ဂါဆီယာတို့သာ ရှိနေပြီး မန်ဒီကိုတော့ စာချုပ်သက်တမ်း တိုးမြှင့်ထားသလို တကယ်လို့ အယ်လ်ဖွန်ဆို ဒေးဗီးစ်သာ အသင်းဆီ ရောက်လာခဲ့မယ်ဆိုရင် ဂါဆီယာကိုတော့ အသင်းကနေ ပြန်လည် ရောင်းထုတ်ဖွယ်လည်း ရှိနေပါတယ်။ ရီးယဲလ် ဘယ်ခြမ်းခံစစ်နေရာအတွက် ဒေးဗီးစ်ကို ခေါ်ယူပြီးရင် ညာခြမ်းအတွက် အာနိုးကိုပါ ချိန်ရွယ်လျက် ရှိနေပြန်ပါတယ်။