လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဒေးဗစ်ဂျိမ်းစ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် ဒီနွေရာသီမှာ နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့ မလိုအပ်ဘူးလို့ အခိုင်အမာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လီဗာပူးလ်အသင်းဟာ အီဆက်ကို ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာနိုင်တဲ့ ကိန်းဂဏန်းတစ်ခုနဲ့ ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အသင်းရဲ့ဂန္ထဝင်နောက်ခံလူ ဂျေမီ ကာရေဂါက ဒီလို မြင့်မားတဲ့ ကုန်ကျစရိတ်ကြောင့် “တစ်ခုခုတော့ မှားနေသလိုပဲ” လို့ ဝေဖန်ခဲ့သလို အခုအခါမှာတော့ ဒေးဗစ်ဂျိမ်းစ်ကပါ အလားတူ သဘောထားမျိုး ပေးလာတာ ဖြစ်ပါတယ်။
Photo Credit : Metro
လီဗာပူးလ်အသင်းဟာ ဒီနွေရာသီမှာ မီလော့စ် ကာကက်ဇ်၊ ဂျယ်ရမီ ဖရင်ပေါင်၊ ဖလိုရီယန် ဝါ့ဇ်နဲ့ ဟူဂို အီကီတီကီတို့ကို ခေါ်ယူဖို့ ပေါင်သန်း ၃၀၀ (ဒေါ်လာ ၄၀၃ သန်း) နီးပါး အသုံးပြုထားပြီး ဖြစ်ပါတယ်။ အီကီတီကီဟာ တောင်ပံမှာ ကစားနိုင်ပေမယ့် တိုက်စစ်မှူးစစ်စစ်အဖြစ် နာမည်ကြီးသူဖြစ်တာကြောင့် လီဗာပူးလ်မှာ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ် မပါဘဲနဲ့တောင် ချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ ကစားသမားအင်အား ရှိနှင့်နေပြီလို့ ဒေးဗစ်ဂျိမ်းစ်က ယုံကြည်နေပါတယ်။
William Hill ရဲ့ အစီအစဉ်တစ်ခုမှာ ဒေးဗစ်ဂျိမ်းစ်က “လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားရဖို့ အလက်ဇန်းဒါး အီဆက်ခ် မလိုအပ်ပါဘူး။ တစ်ခါတလေ အသင်းတစ်သင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ လိုတာထက် ပိုများနေခြင်းက စိတ်ပျက်စရာရလဒ်တွေနဲ့ အဆုံးသတ်သွားစေနိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : The Independent
“ရာသီကြိုပွဲစဉ်တွေကို သိပ်အရေးမထားသင့်ဘူးဆိုတာ ကျွန်တော်သိပေမယ့် လီဗာပူးလ်အသင်းက ယုံကြည်မှုအပြည့်ရှိတဲ့ ကစားသမားတွေနဲ့ ညီညွတ်မျှတတဲ့ အသင်းတစ်သင်းလို ဖြစ်နေပါပြီ။ သူတို့သာ အီဆက်ခ်ကို ခေါ်လိုက်မယ်ဆိုရင် ချက်ချင်းရလာမယ့် အကျိုးကျေးဇူးတစ်ခုက နယူးကာဆယ်အသင်းကို သိသိသာသာ အင်အားချည့်နဲ့သွားစေမှာပါပဲ။ ဒါပေမဲ့ ဒါက ပရီးမီးယားလိဂ်ဖလားကို ရခြင်း မရခြင်းကြားက ကွာခြားချက်မဟုတ်ပါဘူး။ ဒီခေါ်ယူမှုက သူတို့ကို လက်ရှိထက်ပိုပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားသွားစေမှာ မဟုတ်ပါဘူး။” လို့ သူက သုံးသပ်ခဲ့ပါတယ်။
ဒေးဗစ်ဂျိမ်းစ်နဲ့ ကာရေဂါတို့ရဲ့ စိုးရိမ်မှုတွေကို အသင်းတာဝန်ရှိသူတွေက ထည့်သွင်းစဉ်းစားမလား ဒါမှမဟုတ် ဒီအတိုင်းပဲ အရှိန်အဟုန်နဲ့ ရှေ့ဆက်တိုးပြီး အီဆက်ခ်ကို အရ ခေါ်ယူသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရတော့ ဒါဝင် နူနက်ဇ်လည်း အယ်လ်ဟီလာလ်အသင်းဆီ ပြောင်းရွှေ့မှာဖြစ်လို့ အီဆက်ခ်ကို ခေါ်ယူဖို့က အခြေအနေ ပိုများနေပါတယ်။