လတ်တလော မန်ချက်စတာယူနိုက်တက်အသင်းမှာ တောက်ပလျက် ရှိနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး အလက်ဂျန်ဒရိုဂါနာချိုကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်တစား ရှိနေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာက ရီးယဲလ်အနေနဲ့ ဂါနာချိုကို ခေါ်ယူမယ့်ဖို့ မေ့ထားလိုက်သင့်ကြောင်း အသိပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Forbes News

ဆယ်ကျော်သက်အရွယ် အာဂျင်တီးနား လူငယ် တိုက်စစ်ကစားသမားလေး ဂါနာချိုဟာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ နေရာပေးမှုကြောင့် အသင်းမှာ ပွဲကစားခွင့်တွေ တဖြည်းဖြည်းနဲ့ ရရှိလာခဲ့သလို ဂါနာချိုကလည်း အသင်းအတွက် သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေပါ လုပ်ဆောင်လာခဲ့တာကြောင့် သူ့ကို အသင်းဘက်က နှစ်ရှည် စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ပါ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။ ဂါနာချိုနဲ့ ယူနိုက်တက်အသင်းတို့ကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ လက်ရှိ ဘောလုံးရာသီအကုန်မှာပဲ ကုန်ဆုံးသွားတော့မှာဖြစ်လို့ ယူနိုက်တက်ဘက်က သက်တမ်းတိုးဖို့ကို အပူတပြင်း ဆောင်ရွှက်နေပြီး ဒီအခြေအနေကိုလည်း ရီးယဲလ်မက်ဒရစ် အပါအဝင် အသင်းများစွာက စောင့်ကြည့်နေကြပါတယ်။

Photo Credit : Manchester Evening News

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး မက်ဒရစ်အခြေစိုက် ဂီတာဖေး အသက်လက်တီကိုမက်ဒရစ်အသင်းတွေရဲ့ လူငယ်အကယ်ဒမီတွေမှာ ကျင်လည်ခဲ့ဖူးသူဖြစ်တဲ့ ဂါနာချိုကို မက်ဒရစ်ရဲ့ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်က အလိုရှိနေပြီး လတ်တလော ဂါနာချိုနဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်အခြေအနေကိုလည်း စောင့်ကြည့်နေပါတယ်။ ဒီအချိန်မှာ စပိန်နိုင်ငံဆီ ခြေစမ်းပွဲတွေ လာရောက်ကစားနေတဲ့ ယူနိုက်တက်အသင်း လူစာရင်းမှာလည်း ဂါနာချို ပါဝင်လာခဲ့ပြီး ကာဒစ်ဇ် ဘက်တစ်တို့ပွဲမှာ ပါဝင်ကစားခဲ့သလို ဘက်တစ်နဲ့ပွဲအပြီးမှာလည်း စပိန်မီဒီယာတချို့က သတင်းထောက်တွေက ဂါနာချိုကို ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မလားဆိုပြီး မေးမြန်းလာခဲ့ရာ ဂါနာချိုက အဆိုပါ မေးခွန်းအပေါ် ဖြေကြားမှု မရှိခဲ့ပေမယ့်လည်း ယူနိုက်တက် ဂိုးသမား ဒီဂီယာကတော့ “ငါတို့တွေ သူ့ကို ထွက်ခွာပြုမှာ မဟုတ်ဘူး” လို့ အသိပေးသွားခဲ့ပါတယ်။ ဒီဂီယာကိုယ်တိုင် ရီးယဲလ်အသင်းက အသည်းအသန် အလိုရှိခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် ရီးယဲလ်ဆီ မပြောင်းရွှေ့ဖြစ်ပဲ ယူနိုက်တက်မှာပဲ ဆက်လက် ရှိနေခဲ့သလို အခုလည်း သူရဲ့ ဂျူနီယာ ကစားသမားလေး ဂါနာချိုကိုလည်း ယူနိုက်တက်မှာသာ ဆက်လက် ရှိနေချင်နေပါတယ်။