ဒီနောက်ပိုင်း လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်တွေထဲမှာ အသင်းအတွက် သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ ဆက်လက် ရယူပေးနေတဲ့ တိုက်စစ်ကစားသမား ဒါဝင် နူးညက်ဇ်ဟာ သူရဲ့ ခြေစွမ်း အမြင့်မားဆုံးအဆင့်ဆီကို မရောက်ရှိသေးဘူးလို့ လီဗာပူးလ်နည်းပြကြီး ယာဂင် ကလော့ပ်က သုံးသပ် ပြောကြားလိုက်ပါတယ်။

အသက် (၂၄)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူး နူးညက်ဇ်ဟာ မနှစ်က ဘောလုံးရာသီကမှ ဘင်ဖီကာအသင်းကနေ လီဗာပူးလ်အသင်းဆီကို ပေါင် (၈၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အားအထားရဆုံး ကစားသမားတစ်ဦး ဖြစ်လို့နေပါတယ်။

Photo Credit : beIN SPORTS

ဂိုးပေါက်လွဲချော်မှုတွေကြောင့် လှောင်ပြောင် ဝေဖန်ခံနေရတဲ့ နူးညက်ဇ်ဟာ လက်ရှိ လီဗာပူးလ်အသင်းမှာ မိုဆာလာပြီးရင် အသင်းရဲ့ သွင်းဂိုးတာဝန်များအတွက် တာဝန်အကျေပြွန်နိုင်ဆုံး ကစားသမားတစ်ဦး ဖြစ်နေရပြီး လက်ရှိမှာလည်း (၃၉)ပွဲကစားပြီးချိန် (၁၆)ဂိုးသွင်း (၁၁)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

မနေ့ညက ကစားသွားခဲ့တဲ့ စပါတာပရပ်ဂ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပကျော့ပွဲစဉ်မှာလည်း နူးညက်ဇ်က လီဗာပူးလ်အသင်းအတွက် အဆင့်အတန်းမြင့်မားတဲ့ သွင်းဂိုး (၂)ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပြီး သူရဲ့ ပထမဂိုးက ကလော့ပ်လက်ထက် ဂိုးပေါင်း (၁၀၀၀) ပြည့်မြောက်တဲ့ အမှတ်တရ သွင်းဂိုးပါ ဖြစ်ခဲ့ရပါတယ်။

Photo Credit : This is Anfield

ဒါပေမယ့်လည်း နည်းပြကြီး ကလော့ပ်ကတော့ နူးညက်ဇ်နဲ့ ပတ်သက်ပြီး “ဒါဝင်က သူရဲ့ ခြေစွမ်း အမြင့်ဆုံးအဆင့်ကို မရောက်သေးပါဘူး။ သူ ပိုပြီး တိုးတက်လာနိုင်သေးတယ်။ သူက ပြိုင်ဘက် ခံစစ်ကစားသမားတွေကိုလည်း အမြဲတမ်း ခြိမ်းခြောက်နိုင်တယ်။”

“သူက ဒီကလပ်အသင်းအတွက် ကစားပေးနေရတာကိုလည်း အလွန် သဘောကျ နှစ်သက်နေတာ။ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတစ်ဦးပါ။” လို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း နူးညက်ဇ်ရဲ့ လက်ရှိရာသီ စွမ်းဆောင်ရည်များကတော့ မနှစ်ကထက် ပိုမိုသာလွန်နေပြီး ရာသီမကုန်ခင်မှာပဲ မနှစ်ကရာသီထက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ အကုန်သာလွန်နေပါတယ်။