လီဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ဟာ စီးရီးအေကလပ် နာပိုလီအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီလိုက်ပြီး မီးစိမ်းပြလိုက်ပြီဖြစ်ကြောင်း နောက်ဆုံးရသတင်းတွေအရ သိရပါတယ်။ ဒီအတွက် နာပိုလီအသင်းဟာ ပြောင်းရွှေ့ကြေးကြီးမြင့်မယ့် ဒီအပြောင်းအရွှေ့အတွက် လီဗာပူးလ်အသင်းနဲ့ ဆွေးနွေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

ဒီနွေရာသီမှာ နူနက်ဇ်တစ်ယောက် လီဗာပူးလ်မှာ ဆက်ရှိတော့မှာ မဟုတ်ဘူးဆိုတာကို လက်ခံထားကြပေမယ့် သူ့ရဲ့အပြောင်းအရွှေ့ဟာ မရေရာမှုတွေနဲ့ ရှိနေခဲ့တာပါ။ အခုအခါမှာတော့ အပြောင်းအရွှေ့ သတင်းကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နူနက်ဇ်ဟာ နည်းပြအန်တိုနီယို ကွန်တီရဲ့ ပရောဂျက်ကို သဘောကျပြီးနောက် နာပိုလီကို ပြောင်းရွှေ့ဖို့အတွက် ကနဦး သဘောတူညီမှု ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုမာနိုက သူ့ရဲ့ YouTube ချန်နယ်မှာ “နာပိုလီဘက်က ဒါဝင်ရဲ့ ‘OK’ ကို ရထားပြီလို့ ယုံကြည်နေပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Photo Credit : Goal

နူနက်ဇ်ဘက်က သဘောတူညီမှု ပေးထားပေမယ့် ဒီအပြောင်းအရွှေ့ဟာ ငွေကြေးပိုင်းဆိုင်ရာ အချက်အပေါ်မှာပဲ မူတည်နေပါတယ်။ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး အများအပြား ပြန်လည် ရရှိလိုနေပါတယ်။ ဒါ့အပြင် နူနက်ဇ်ရဲ့ မြင့်မားတဲ့ လစာကိစ္စကလည်း အဓိကကျတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေတယ်လို့ ရိုမာနိုက သုံးသပ်ခဲ့ပါတယ်။ လီဗာပူးလ်ဟာ သူတို့သုံးစွဲခဲ့တဲ့ ပေါင် ၈၅ သန်းလုံး ပြန်ရဖို့ မဖြစ်နိုင်ပေမယ့် အသင်းအတွက် အရှုံးနည်းဆုံးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ နည်းပြအာနေး ဆလော့ရဲ့ ရေရှည်အစီအစဉ်မှာ နူနက်ဇ်ကို အဓိက တိုက်စစ်မှူးအဖြစ် မမြင်တော့တာကြောင့် ဒီနွေရာသီမှာ သူ့ကိုရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော်ဒီအာရေဗျ ကလပ်တွေကလည်း နူနက်ဇ်ကို စိတ်ဝင်စားနေတာကြောင့် ညှိနှိုင်းမှုတွေမှာ လီဗာပူးလ်အတွက် အသာစီးရစေနိုင်ပြီး ပြောင်းရွှေ့ကြေး ပိုမိုတောင်းဆိုနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

Photo Credit : DaveOCKOP

နူနက်ဇ်ကိုယ်တိုင်ကလည်း ဆော်ဒီကိုပြောင်းရွှေ့မယ့်အစား ဥရောပမှာပဲ ဆက်ကစားချင်ပြီး အီတလီ ဒါမှမဟုတ် စပိန်ကို ပိုဦးစားပေးတယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ နည်းပြကွန်တီရဲ့ နာပိုလီအသင်းမှာ အဓိကတိုက်စစ်မှူး ဗစ်တာ အိုဆီမန်က အသင်းကထွက်ခွာဖို့ သေချာသလောက် ရှိနေတာကြောင့် နူနက်ဇ်အတွက် အဓိက ကစားသမား ဖြစ်လာမယ့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အခြေအနေဟာ အပေါင်းလက္ခဏာဆောင်တဲ့ဘက်ကို ဦးတည်နေပြီး နူနက်ဇ်ရဲ့ နောက်ထပ်ခရီးစဉ်ဟာ နာပိုလီဖြစ်လာဖို့ အလားအလာအများဆုံး ဖြစ်နေပါတယ်။ ဒါပေမဲ့ အပြီးသတ် အဖြေကတော့ ကလပ်အသင်းနှစ်သင်းကြားက ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုအပေါ်မှာသာ မူတည်နေတော့မှာ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။