မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဒီယိုဂို ဒါလော့က ပေါင်သန်း(၅၀) အကုန်အကျခံပြီး အကြီးစား ပြုပြင်မွမ်းမံထားတဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းသစ်ကို တရားဝင်ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်လို့ အသင်းအနေနဲ့ ခြေစွမ်းမပြနိုင်မှုတွေအတွက် ဆင်ခြေပေးစရာ အကြောင်းမရှိတော့ဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
တစ်နှစ်ကြာ အသွင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ အဓိကအသင်း လေ့ကျင့်ရေးကွင်းကို သောကြာနေ့ (သြဂုတ်လ ၈ ရက်)က ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ခဲ့တဲ့ အသင်းပူးတွဲပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ်က ယခင်လေ့ကျင့်ရေးကွင်းကို ဆေးရုံတစ်ရုံလိုပဲလို့ ဝေဖန်ခဲ့ဖူးပြီး အခုအခါမှာတော့ ကစားသမားတွေအနေနဲ့ ဒီလိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့ ထိုက်တန်တဲ့ ရလဒ်တွေ ဖော်ဆောင်ပေးရတော့မယ်လို့ ဒါလော့က ဆိုပါတယ်။
Photo Credit : Daily Mail
၂၀၀၀ ပြည့်နှစ်မှာ မူလဖွင့်လှစ်ခဲ့တဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ခေတ်မီအောင် ပြန်လည်တည်ဆောက်ခဲ့ရာမှာ အမြင့်ပိုင်းဒေသ လေ့ကျင့်ခန်း (high-altitude chamber)၊ အနားယူအိပ်စက်ခန်း (sleep pods)၊ ပက်ဒယ်လ် တင်းနစ်ကွင်း၊ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ simulator နဲ့ ဆံပင်ညှပ်ခန်းတွေအထိ ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဒီလိုပြုပြင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဘောလုံးလောကရဲ့ အမြင့်မားဆုံး စွမ်းဆောင်ရည်နဲ့ ကြံ့ခိုင်မှုပြန်လည်ကောင်းမွန်ရေး စံနှုန်းတွေကို ပြည့်မီစေဖို့ ဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ ဒါလော့က “တကယ်တော့ ဒါက ကျွန်တော်တို့ရဲ့ ဒုတိယအိမ်ပါပဲ။ မိသားစုတွေနဲ့ရှိတဲ့ ကိုယ်ပိုင်အိမ်ပြီးရင် အချိန်အများဆုံး ကုန်ဆုံးတဲ့နေရာပေါ့။ ဒါကြောင့် ဒီကိုရောက်လာရင် စိတ်ချမ်းသာမှုရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အခု ဒီအဆောက်အအုံတွေက ကျွန်တော်တို့ မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေပါတယ်။ ဆာဂျင်မ် ဒီနေ့ပြောသလိုပဲ ပြီးခဲ့တဲ့ရာသီကလို ပွဲတွေအများကြီး အခက်အခဲတွေအများကြီးနဲ့ ရာသီတစ်ခုကို ဖြတ်သန်းဖို့အတွက် ဒါတွေက အကောင်းဆုံးအခြေအနေတွေတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ အခုချိန်ကစပြီး ဆင်ခြေပေးလို့ မရတော့ဘူးဆိုတာပါပဲ။”
Photo Credit : Goal
“ကျွန်တော်တို့ ကွင်းထဲမှာ ဘာလုပ်ပြနိုင်မလဲဆိုတာကပဲ အရာအားလုံးကို ဆုံးဖြတ်ပေးသွားမှာပါ။ ကလပ်အသင်းကို ထိပ်ဆုံးနေရာပြန်ရောက်အောင် ပို့ဆောင်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လိုအပ်သမျှအရာအားလုံးကို ကျွန်တော်တို့ ရရှိနေပြီဖြစ်လို့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
ဒီအဆင့်မြှင့်တင်မှုဟာ ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့ဒုတိယအကြိမ် ကစားသမားဘဝမှာ ယူနိုက်တက်ရဲ့ ခေတ်မမီတော့တဲ့ အထောက်အပံ့ပစ္စည်းတွေကို ဆယ်စုနှစ်တစ်ခုကျော်ကြာ “ဘာမှမပြောင်းလဲဘူး” လို့ လူသိရှင်ကြား ဝေဖန်ခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါဝေဖန်မှုနဲ့ပတ်သက်ပြီး ဒါလော့က ရော်နယ်ဒိုသာ ဒီပြောင်းလဲမှုတွေကို မြင်ရင် အရမ်းသဘောကျမှာ သေချာတယ်လို့ ပြောဆိုခဲ့ပြီး ဒီလိုဖြစ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ INEOS အဖွဲ့ကိုလည်း ချီးကျူးခဲ့ပါတယ်။