မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ပက်ထရစ် အီဗရာက လက်ရှိ ယူနိုက်တက် ကစားသမားတွေထဲမှာ နောက်ခံအစွန်လူ ဒီယိုဂို ဒါလော့ကသာ ဒီတစ်ရာသီလုံးအတွင်း တည်ငြိမ်မှု အရှိဆုံး ကစားသမား ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံလူ ဒါလော့ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၄၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး အသင်းမှာ ဘယ်နောက်ခံလူ လိုအပ်ချက်ကြောင့်လည်း ဘယ်နောက်ခံနေရာမှာပါ ပါဝင်ကစားဖြစ်ခဲ့ပါသေးတယ်။

Photo Credit : The Sun

ဘယ်ညာ နှစ်ခြမ်းလုံးမှာ လိုအပ်သလို လိုက်ပါကစားနိုင်တဲ့ ဒါလော့ဟာ ဒီရာသီထဲ ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ ယူနိုက်တက် ကစားသမားတွေထဲမှာ ထူးထူးခြားခြား ပါဝင်လာခြင်း မရှိပဲ အသင်းအတွက် အကျိုးပြုမှုတွေ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

သူနဲ့ နေရာတူတဲ့ ဝမ်ဘစ်ဆာခါကတော့ ဘောလုံးဖြတ်ထုတ်မှုတွေကလွဲရင် တိုက်စစ်လိုက်ပါနိုင်မှုနဲ့ ဖြတ်တင်ဘောတွေမှာ အားနည်းသလို ဒါလော့လို တည်ငြိမ်တဲ့ ခြေစွမ်းမျိုး ပြသထားနိုင်ခြင်း မရှိပဲ ရုန်းကန်နေရပါတယ်။

Photo Credit : ESPN

ဒါလော့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက် ဘယ်နောက်ခံလူဟောင်း အီဗရာက “ကျွန်တော်အတွက်ကတော့ ပုံမှန် စွမ်းဆောင်ရည်တွေနဲ့ တည်ငြိမ်တဲ့ ကစားသမားတစ်ယောက်ပါ။ ကွင်းထဲ အင်ပြည့်အားပြည့်နဲ့ ကစားနေတဲ့ သူ့ပုံစံက ကျွန်တော် သဘောအကျဆုံးပါပဲ။”

“နောက်ပြီး သူက ကွင်းထဲမှာဆိုရင် လဲကျတာနဲ့ ချက်ချင်း ပြန်ထပြီး ဆက်ကစားနိုင်တယ်။ သူ့မှာ တိုက်ပွဲဝင်စိတ် အပြည့်ရှိတာကိုလည်း အမြဲမြင်တွေ့ရတယ်။ ဒါကြောင့် ကျွန်တော့်အမြင်အရတော့ ဒါလော့ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ အတည်ငြိမ်ဆုံး ကစားသမားတစ်ဦးပါ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။