မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာဟာ သူ့အဖွားအိမ်မှာ ယူနိုက်တက်ပွဲတွေ ကြည့်ရင်းနဲ့ ဝိန်း ရွန်းနီကို ဘယ်လိုအားကျခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
ကူညာဟာ ဝုလ်ဗ်ကနေ ပေါင်(၆၂.၅)သန်းနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ပြီးနောက် ပထမဆုံးအကြိမ် အင်တာဗျူးလုပ်ခဲ့ပြီး ကလေးဘဝကတည်းက ဘရာဇီးလ်နိုင်ငံမှာနေရင်း သရဲနီတွေကို ဘယ်လိုအားပေးခဲ့ကြောင်း ကလပ်ရဲ့ တရားဝင်မီဒီယာကို ပြောပြခဲ့ပါတယ်။ သူ အနှစ်သက်ဆုံး ကစားသမားက ဝိန်း ရွန်းနီဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။
Photo Credit : The Sun
ကူညာက “ရယ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုပါ။ ကျွန်တော့်အဖွားအိမ်မှာပဲ ပရီးမီးယားလိဂ်ကို ကြည့်လို့ရပါတယ်။ ကျွန်တော့်အိမ်မှာလည်း ချန်နယ်မရှိဘူး။ ကျွန်တော့် ဝမ်းကွဲအစ်ကိုအိမ်မှာလည်း ချန်နယ်မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ အဖွားအိမ်ကို စနေ တနင်္ဂနွေတွေမှာ ပရီးမီးယားလိဂ်ကြည့်ဖို့ စီစဉ်ကြတယ်။ သူက ယူနိုက်တက်အသင်းကို အားပေးတယ်။ ပရီးမီးယားလိဂ်စကြည့်ဖို့နဲ့ ယူနိုက်တက်ကို အားပေးဖို့ ကျွန်တော့်ကို လမ်းပြပေးခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီကလပ်က အမြဲတမ်း ကျွန်တော့်စိတ်ထဲမှာ ရှိနေခဲ့တယ်။ လမ်းပေါ်က ကျောက်ခင်းကွင်းမှာ သူနဲ့ ကစားတုန်းက အဲ့ဒီကွင်းတွေကို Old Trafford လို့ ခေါ်ခဲ့ကြတယ်။ စဉ်းစားကြည့်ပါ။ အခုဒီကိုရောက်နေရတာ အရမ်းခက်ခဲပေမယ့် အတိတ်ကို ပြန်စဉ်းစားမိတော့ ကျွန်တော့်အတွက် အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။” လို့ ပြောဆိုပါတယ်။
ကူညာက သူအဲ့ဒီတုန်းက အကြိုက်ဆုံးကစားသမားက ရွန်းနီဖြစ်ပြီး ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ရွန်းနီနဲ့ သူ့ကိုယ်သူ ဆင်တူမှုတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ သူက ဆက်ပြီး “ပြောဖို့က အမြဲခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် စပြီးကြည့်တုန်းက တစ်သင်းလုံးကို မှတ်မိနေလို့ပါ။ တိုက်စစ်မှာ ရွန်းနီ – အိုး! ကျွန်တော်နဲ့ ကစားပုံတူတဲ့သူလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အမြဲအစွမ်းကုန် ပေးဆပ်ကစားလို့ပါ။ သူက နံပါတ် ၁၀ လဲဖြစ်တယ်။ ဒီဂျာစီဝတ်ထားတဲ့ ကစားသမားရဲ့ ကျွမ်းကျင်မှုတွေကို လူတိုင်းနှစ်သက်ကြတယ်။ ဒါပေမဲ့ သူက အမြဲတမ်း ပိုပြီး ပေးဆပ်တယ်။ ဘောလုံးကိုရဖို့ ကွင်းလဲထဲအထိ ဆင်းတယ်။ သူ့အတွင်းထဲက ဒီလိုမျိုး စွမ်းအင်က ကြီးမားတဲ့ ပုံစံကောင်းတစ်ခုပါပဲ။” လို့ ဆိုခဲ့ပါတယ်။
Photo Credit : The Sun
ကူညာကို ၂၀၁၇ ခုနှစ် ကလပ်ရဲ့ ရာသီကြိုခရီးစဉ်အတွင်း Dallas Cup မှာ Coritiba အသင်းအတွက် ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ သူ့ရဲ့ ဗီဒီယိုကို ပြသခဲ့ပါတယ်။ “ဒါက ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်အတွက် အကြီးဆုံးပွဲပါပဲ။” လို့ သူက ပြောပါတယ်။ “ဒါကို ဘယ်လိုရှာတွေ့တာလဲ။ ဒါက ကျွန်တော့်ရဲ့ ဒီနေ့ကို ပျော်ရွှင်စေခဲ့ပြီ။ ဒီနေ့ ဒီနေရာမှာ ရောက်နေရတာက တကယ်ကို အိပ်မက်တစ်ခုပါပဲ။” လို့ ဆိုလိုက်ပါတယ်။
ယူနိုက်တက်ကတော့ ၅၁ နှစ်အတွင်း အဆိုးဆုံးရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် နွေရာသီအနားယူခြင်းကို ခံစားနေရပါတယ်။ ဒါပေမဲ့ သူတို့ဟာ အပြောင်းအရွှေ့ကာလမှာ ကြီးမားတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ရူဘင် အမော်ရင်ရဲ့အသင်းဟာ ကူညာကို ခေါ်ယူပြီးနောက် တိုက်စစ်ကို ထပ်မံအားဖြည့်ဖို့ ဘရိုင်ယန် အမ်ဘူမိုနဲ့ ဗစ်တာ ယိုကရက်စ်တို့အတွက် အပြောင်းအရွှေ့တွေကို လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အလီဂျန်ဒရို ဂါနာချို၊ အန်တိုနီ၊ ဂျေဒန် ဆန်ချိုနဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်အပါအဝင် ကစားသမား အများအပြားကိုလည်း လက်လွှတ်ဖို့ ကြိုးစားနေကြပါတယ်။ ယူနိုက်တက်ဟာ သူတို့ရဲ့ ရာသီကြိုပွဲစဉ်တွေကို ဇူလိုင်လ ၁၉ ရက်နေ့မှာ စတော့ဟုမ်းမ်မှာ လိဒ်စ်နဲ့ စတင်မှာဖြစ်ပြီး သုံးနှစ်ဆက်တိုက် အမေရိကန်ကို ရာသီကြိုခရီးစဉ် ထွက်ခွာမှာ ဖြစ်ပါတယ်။