မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားသစ် မားသီးယက်စ် ကွန်ညာဟာ သူရရှိခဲ့တဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သက်ပြီး အသင်းပရိသတ်တွေရဲ့ စိုးရိမ်မှုကို လျော့ကျစေမယ့် သတင်းစကားတစ်ခုကို လူမှုကွန်ရက်ကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။ ဒီဒဏ်ရာကြောင့်ပဲ သူဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။

ကွန်ညာဟာ ယခုရာသီမှာ နည်းပြ ရူဘင် အာမိုရင်ရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပွဲစဉ် (၄)ပွဲလုံး ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ဘန်လေအသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲချိန်စောစောမှာပဲ လူစားလဲခံခဲ့ရပါတယ်။

Photo Credit : Goal

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပွဲချိန် မိနစ် (၃၀)ကျော်မှာ ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့နဲ့ ကွင်းထဲက ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး အမြန်ဆုံး ပြန်လည်သက်သာလာစေဖို့အတွက် လာမယ့် (၂)ပတ်တာကာလကို အနားယူသွားမှာဖြစ်ပါတယ်။

သူ့ရဲ့ဒဏ်ရာဟာ အချိန်ကြာမြင့်စွာ အနားယူရနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အသက် (၂၆)နှစ်အရွယ် ကစားသမားကိုယ်တိုင်က အဲ့ဒီစိုးရိမ်မှုတွေကို ပြေလျော့စေခဲ့ပါတယ်။ ကွန်ညာဟာ သူ့ရဲ့ Instagram အကောင့်ကနေ အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့အချိန်တွေကို ဖော်ပြထားတဲ့ ဓာတ်ပုံများစွာနဲ့အတူ အောက်ပါစာသားကို ရေးသားခဲ့ပါတယ်။

Photo Credit : SuperSport

“ဒီမှာရှိနေရတာ တကယ်ကို အံ့ဩစရာကောင်းပြီး ပျော်စရာကောင်းလိုက်တာ။ ကျွန်တော် မကြာခင် ပြန်လာခဲ့ပါ့မယ်။ အမြဲတမ်း ပျော်ရွှင်မှုတွေ၊ ကျေးဇူးတင်မှုတွေနဲ့အတူပေါ့။ အားပေးစကားပြောကြားပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားသစ် နိုင်ငံတကာပွဲစဉ်များအတွက် အားလပ်ရက်အတွင်း အမြန်ဆုံးပြန်လည်ကောင်းမွန်လာပြီး ကွင်းထဲကို အမြန်ဆုံးပြန်လာနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ အာမိုရင်ရဲ့အသင်းဟာ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ဒါဘီပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။