ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်မှူး မာသီးယပ်စ် ကူညာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်လာခဲ့ပြီးနောက် ပေါင် (၆၂.၅)သန်း တန်ကြေးရှိတဲ့ အပြောင်းအရွှေ့နဲ့ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ မျှော်လင့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ ကူညာရဲ့ ကိုယ်စားလှယ်တွေနဲ့ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကြားမှာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။ ဒီဆွေးနွေးမှုတွေဟာ အတော်လေး အဆင်ပြေ ချောမွေ့နေတယ်လို့လည်း ဆိုပါတယ်။ အသက်(၂၅)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့လို အသင်းကြီးတွေကလည်း စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်က ဒီအသင်းတွေကို ကျော်ဖြတ်ပြီး ရှေ့ဆုံးကနေ ဦးဆောင်နေပါတယ်။ ကစားသမားနဲ့ နီးစပ်တဲ့ သူတွေကလည်း ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ကူညာ ကိုယ်တိုင်က အကောင်းမြင်နေတယ်လို့ ပြောကြောင်း Manchester Evening News (MEN) သတင်းဌာနက ဖော်ပြထားပါတယ်။
Photo Credit : BBC
ပုံမှန်အားဖြင့် ယူနိုက်တက်ဟာ သူတို့ရဲ့ ဘဏ္ဍာရေး မူဝါဒအရ ကစားသမား တစ်ဦးအတွက် ပေါင်သန်း(၆၀)ထက် ပိုပြီး သုံးစွဲလေ့ မရှိပါဘူး။ ဒါပေမယ့် ကူညာ အတွက်တော့ ခြွင်းချက်အနေနဲ့ ဒီထက်များတဲ့ ပမာဏကို သုံးစွဲဖို့ ပြင်ဆင်နေပုံ ရပါတယ်။ ဒီအပြောင်းအရွှေ့အတွက် ကုန်ကျစရိတ်ကို တစ်ခါတည်း အကုန်မချေဘဲ ဘဏ္ဍာရေး ဖိအားနည်းအောင် အရစ်ကျ ခွဲပြီး ပေးချေသွားဖို့ စီစဉ်ထားဖွယ်ရှိပါတယ်။ စုစုပေါင်း အပြောင်းအရွှေ့ တန်ဖိုးက ပေါင်(၆၂.၅)သန်းလောက် ရှိလာနိုင်ပါတယ်။
ကူညာဟာ ဝုလ်ဗ်အသင်းအတွက် ဒီရာသီ ပြိုင်ပွဲစုံ(၃၁)ပွဲ ကစားထားရာမှာ (၁၆)ဂိုးအထိ သွင်းယူပေးထားပြီး တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ တက်ကြွ ဖျတ်လတ်တဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်ကြောင်း သက်သေပြထားပါတယ်။ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်ကလည်း ပြီးခဲ့တဲ့ အပတ်က ဝုလ်ဗ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကူညာရဲ့ အရည်အသွေးကို ချီးကျူးခဲ့ပြီး “တကယ့်ကို အရည်အသွေး ပြည့်ဝတဲ့ ကစားသမား” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အာမိုရင်ဟာ ၃-၄-၂-၁ ကစားကွက်ကို အသုံးပြုလေ့ရှိပြီး ကူညာဟာ အဆိုပါ ကစားကွက်မှာ တိုက်စစ်မှူးရဲ့ နောက်က ကွင်းလယ် တိုက်စစ် ကစားသမား နှစ်နေရာထဲက တစ်နေရာမှာ အဓိက အားထားရမယ့် ကစားသမား ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
Photo Credit : Evening Standard
ယူနိုက်တက်က ကူညာအပြင် နွေရာသီမှာ ခေါ်ယူချင်နေတဲ့ တိုက်စစ်မှူးတွေ ရှိနေသေးပြီး အဲ့ဒီထဲမှာ အစ်ဆွစ်ချ်တောင်းရဲ့ လူငယ် တိုက်စစ်မှူး လီယမ် ဒီလပ်က အဓိကပစ်မှတ်အဖြစ် ပါဝင်နေပါတယ်။ ဒီလပ်ရဲ့ စာချုပ်မှာ အစ်ဆွစ်ချ်အသင်းသာ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရင် အသက်ဝင်လာမယ့် ပေါင်သန်း(၃၀)တန် စာချုပ်ဖျက်သိမ်းကြေး ပါဝင်တယ်လို့ သိရပါတယ်။
ယူနိုက်တက်ရဲ့ ကွင်းတွင်း ခြေစွမ်းတွေက ဆက်တိုက် ဆိုသလို စိတ်ပျက်စရာ ကောင်းနေတာကြောင့် အသင်း လူစာရင်းကို အကြီးစား ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာဖို့ ရှိနေပါတယ်။ အသင်းအတွင်း သတင်းတွေအရ ကစားသမားသစ်တွေ ခေါ်ယူဖို့ ငွေကြေးအတွက် လက်ရှိ ကစားသမား တချို့ကို ရောင်းထုတ်သွားရဖို့လည်း ရှိနေပါတယ်။ အထူးသဖြင့် လက်ရှိမှာ တခြားအသင်းတွေကို အငှားချထားတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချို နဲ့ အန်တိုနီတို့လို ကစားသမားတွေကို ရောင်းချနိုင်ခဲ့ရင် အသင်းရဲ့ ဘဏ္ဍာရေးအတွက် သိသိသာသာ ဝင်ငွေ တိုးလာစေမှာ ဖြစ်ပါတယ်။