မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားသီးယပ်စ် ကူညာက မနေ့ညကစားခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သူနဲ့ သူ့အသင်းဖော်တွေရဲ့ စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးက ဒီရှုံးပွဲတွေက သူ့အပါအဝင် အသင်းသားအားလုံးကို ဘယ်လောက်ထိခိုက်စေလဲဆိုတာ ရှင်းပြခဲ့ပြီး ဒီလိုအားရစရာမရှိတဲ့ ခြေစွမ်းတွေကို အမြန်ဆုံးပြန်လည်ပြင်ဆင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒီရှုံးပွဲဟာ ယူနိုက်တက်အတွက် ဒီရာသီအတွက် တတိယမြောက် ပရီးမီးယားလိဂ် ရှုံးပွဲလည်း ဖြစ်ပါတယ်။ ပွဲအပြီး TNT Sports နဲ့ တွေ့ဆုံရာမှာ ကူညာက အဝတ်လဲခန်းထဲက အခြေအနေနဲ့ပတ်သက်ပြီး “ဆိုးရွားလွန်းပါတယ်။ ရိုးရိုးသားသားပြောရရင် တကယ့်ကို ဆိုးရွားလွန်းပါတယ်။”

Photo Credit : NST Online

“ကျွန်တော် အမြဲတမ်းပြောနေကျအတိုင်းပါပဲ။ ဒီလိုကလပ်အသင်းမျိုးအတွက် ကစားရတာ ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော်တို့သိတယ်။ ပွဲတိုင်းကို အနိုင်ရဖို့ပဲ ကစားခဲ့တာပါ။ ဒီလိုမျိုးအဆုံးမသတ်ချင်ပါဘူး။ ဒါက ဆိုးရွားတဲ့ ခံစားချက်တစ်ခုပါပဲ။ လူတိုင်းက ပိုလုပ်ချင်ခဲ့တယ်။ လူတိုင်းက ပိုလုပ်ဖို့လိုပါတယ်။ ရိုးရိုးသားသားပြောရရင် ဆင်ခြေတွေရှာနေတာက နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ သူတို့က ပိုပြီး ကြံ့ခိုင်တယ်။ သူတို့အခွင့်အရေးရတယ်။ ဂိုးသွင်းသွားတယ်။ ဒါပေမဲ့ ဒါက ဆင်ခြေမဟုတ်ပါဘူး။” လို့ သူက ဆိုပါတယ်။

ကူညာက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အချို့အပေါ်မှာလည်း မကျေနပ်မှုရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ ပထမဂိုး မရခင် အခြေအနေမှာ သူ့ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ သူက ယုံကြည်နေပါတယ်။ “ကျွန်တော့်ကို တစ်ယောက်ယောက် တွန်းလိုက်တယ်လို့ ခံစားလိုက်ရတယ်။” လို့ သူက ဆိုပါတယ်။ ဒါ့အပြင် သူက ဘရန့်ဖို့ဒ်နောက်ခံလူ နေသန် ကောလင်းစ်ဟာ ဘရိုင်ယန် အမ်ဘူမိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှုအတွက် အနီကတ်ပြခံရသင့်တယ်လို့လည်း ယုံကြည်နေပါတယ်။

Photo Credit : Goal

“ကျွန်တော်ထင်တယ် အဲ့ဒါက အနီကတ်ဖြစ်သင့်တယ်။ ဒါပေမဲ့ လူတိုင်းက အမှားလုပ်နိုင်တာပဲလေ။ ကျွန်တော်တို့ နားလည်ပါတယ်။ အဲ့ဒါက အမှားဟုတ်မဟုတ်တောင် ကျွန်တော်သေချာမသိပါဘူး။” လို့ ကူညာက ဆိုပါတယ်။

ဒီရှုံးပွဲဟာ နည်းပြ အာမိုရင်ရဲ့ လက်ထက်မှာ နောက်ထပ်စိတ်ပျက်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်အတွက် တစ်ခုတည်းသော အားရစရာကတော့ ဘင်ဂျမင် ဆက်ရှ်ကိုက အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ခြင်းပါပဲ။ ဒါပေမဲ့ ဆက်ရှ်ကို ကူညာနဲ့ အမ်ဘူမိုတို့ရဲ့ တိုက်စစ်အတွဲကတော့ အခုအချိန်အထိ အထိုင်ကျခြင်းမရှိသေးဘဲ နည်းပြ အာမိုရင်အတွက်တော့ အချိန်က သိပ်မကျန်တော့ပါဘူး။ ယူနိုက်တက်ရဲ့ နောက်ပွဲစဉ်ကတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဆန်းဒါးလန်းအသင်းကို လက်ခံကစားရမှာဖြစ်ပြီး ဆန်းဒါးလန်းအသင်းခေါင်းဆောင် ဂရာနစ် ဇာခါကလည်း ယူနိုက်တက်ဘက်ကို (၃)ဂိုးအထိ သွင်းယူဖူးတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။