မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာကို (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ခြင်းအပေါ် ကူညာကိုယ်တိုင်ကလည်း သဘောတူ လက်ခံလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်က လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုမိုထက်မြက်လာအောင် အင်အားဖြည့်တင်းဖို့အတွက် ဒီရာသီအကုန်လောက်မှာပဲ ဝုလ်ဗ် တိုက်စစ်ကစားသမား ကူညာကို ပစ်မှတ်ထား ကြိုးပမ်းလာခဲ့ပါတယ်။ ကူညာကိုယ်တိုင်ကလည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး ယူနိုက်တက်က ဥရောပဝင်ခွင့် မရခဲ့ရင်တောင် အသင်းဆီ ပြောင်းဖို့ စိတ်အားထက်သန်နေပါတယ်။
Photo Credit : News9Live
အသက်(၂၅)နှစ်အရွယ် ကူညာဟာ လိုက်ပ်ဇစ် ဟာသာဘာလင် အသက်လက်တီကိုတို့မှာ ကစားခဲ့ဖူးပြီး ဒီရာသီမှသာ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ ဝုလ်ဗ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၆)ပွဲကစား (၁၇)ဂိုးသွင်း (၆)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။
ဒီလို တောက်ပထားတဲ့ ကူညာကို ယူနိုက်တက်အပြင် ကလပ်အသင်းများစွာ စိတ်ဝင်စားနေခဲ့ပေမယ့် ယူနိုက်တက် တစ်သင်းတည်းကသာ ကူညာကို အရ ခေါ်ယူနိုင်ရေးအတွက် အမှန်အကန် ကြိုးပမ်းနေခဲ့တာကြောင့် အခုဆိုရင် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီ ရယူနိုင်ခဲ့ပြီဖြစ်ပြီး ကူညာကိုလည်း ကျောနံပါတ်(၁၀) ပေးဝတ်ဖွယ် ရှိနေပါတယ်။
Photo Credit : TEAMtalk
အခုလို ကစားသမားဘက်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်လို့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ဝုလ်ဗ်အသင်းနဲ့ပါ သဘောတူညီချက် ဆက်လက်ရရှိနိုင်ဖို့ လာမယ့် တစ်ပတ်အတွင်းမှာပဲ ဆွေးနွေးသွားဖွယ် ရှိနေပါတယ်။ ဝုလ်ဗ်ကတော့ ကူညာအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၂.၅)သန်းနဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင်တော့ လက်ခံသွားဖို့ ရှိနေပါတယ်။
လက်ရှိအခြေအနေတွေအရ ယူနိုက်တက်ရဲ့ ၂၀၂၅ နွေရာသီအတွက် ပထမဆုံး ကစားသမား ခေါ်ယူမှုက ကူညာ ဖြစ်လာဖို့ သေချာသလောက် ရှိနေပေမယ့် အသင်းမှာ အပြောင်းအလဲတွေ လုပ်ဆောင်ရဦးမှာဖြစ်လို့ ကစားသမား အဝင်အထွက် တော်တော်များများလည်း ဖြစ်လာနိုင်ပါတယ်။