ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်အသင်း တသင်း ဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ သူတို့အသင်းရဲ့ နည်းပြချုပ် ရိုင်း ဟော့ဒ်ဆန်ကို ရာထူးကနေ ထုတ်ပယ်ကာ ဝုဖ်ဘက်နဲ့ ဖရန့်ဖတ်တို့ရဲ့ နည်းပြဟောင်း ဂလက်စ်နာကို နည်းပြသစ် အဖြစ် ခန့်အပ်တော့မယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၇၆နှစ် အရွယ် ဝါရင့် အင်္ဂလိပ်နည်းပြကြီး ရိုင်း ဟော့ဒ်ဆန်က ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ ခရစ္စတယ် ပဲလေ့စ်ဆီ ကာလတိုစာချုပ်နဲ့ ရောက်ရှိလာသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခရစ္စတယ် ပဲလေ့စ်ကို တန်းမဆင်းရအောင် အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ခရစ္စတယ် ပဲလေ့စ်ရဲ့ တာဝန်ရှိသူတွေက ဟော့ဒ်ဆန်ကို နောက်ထပ် ၁ရာသီ ထပ်မံ သက်တမ်းတိုးခဲ့ပြီး ဒီရာသီမှာတော့ ရိုင်း ဟော့ဒ်ဆန်ရဲ့ ခရစ္စတယ် ပဲလေ့စ်ဟာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရကာ တန်းဆင်းဇုန်အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။

ခရစ္စတယ် ပဲလေ့စ်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၄) အပြီးမှာ ရမှတ် ၂၄မှတ်သာ စုဆောင်းထားနိုင်တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၁၅) နေရာ အထိ ရောက်ရှိနေသလို တန်းဆင်းဇုန်နဲ့ ရမှတ် ၅မှတ်သာ ကွာဟနေတာကြောင့် လက်ကျန်ပွဲတွေမှာ ရလဒ်တွေ မတိုးတက်လာရင် တန်းဆင်းရနိုင်ချေ ရှိနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ခရစ္စတယ် ပဲလေ့စ်က ရိုင်း ဟော့ဒ်ဆန်နဲ့ လမ်းခွဲဖို့ ပြင်ဆင်နေသလို တဖက်မှာလည်း ပဲလေ့စ်က ဝုဖ်ဘက်နဲ့ ဖရန့်ဖတ် နည်းပြဟောင်း ဂလက်စ်နာကို နည်းပြသစ် ခန့်အပ်ဖို့ ဆွေးနွေးနေပြီး ဆွေးနွေးမှုတွေက အဆင်ပြေနေတာကြောင့် ဒီနေ့မှာပဲ တရားဝင် သဘောတူညီမှု ရယူနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။

အသက် ၄၉နှစ် အရွယ် ဩစတီးယားလူမျိုး နည်းပြချုပ် ဂလက်စ်နာက ဝုဖ်ဘက် ၊ ဖရန့်ဖတ် စတဲ့ ဘွန်ဒက်လီဂါကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးပြီး သူက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဖရန့်ဖတ်ကို ယူရိုပါလိဂ် ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။