ဆော်ဒီ ထိပ်တန်းကလပ် အယ်လ်နာဆာအသင်းဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို အသင်းဟောင်း မန်ယူနိုက်တက်မှာ ကစားခဲ့စဉ်တုန်းက ရော်နယ်လ်ဒိုနဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ ဘယ်နောက်ခံ ကစားသမား အဲလက်စ်တဲလက်စ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit : Reuters

ယူနိုက်တက်အသင်းမှာ နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ ချန်လှပ်မှုတွေနဲ့ ပွဲကစားခွင့်တွေ ဆုံးရှုံးလာရတဲ့ ရော်နယ်လ်ဒိုက ၂၀၂၂ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး မတိုင်ခင်မှာပဲ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီး ၂၀၂၃ နှစ်အစပိုင်းမှာပဲ အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဆော်ဒီမှာလည်း ဂိုးတွေ လှိုင်လှိုင် သွင်းယူနိုင်တဲ့ ရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းနဲ့ ပြိုင်ပွဲ(၂)ခုကနေတော့ ထွက်ခွာထားခဲ့ရပြီး ဆော်ဒီ အမှတ်ပေးလိဂ်ကိုသာ အာရုံစိုက်ရဖွယ် ရှိနိုင်ပေမယ့်လည်း ဆုဖလားလက်မဲ့ ရာသီ ဖြစ်ဖို့ကတော့ အခြေအနေ ပိုများနေပါတယ်။

Photo Credit : Goal

ဒါကြောင့် အယ်လ်နာဆာက လာမယ့် ဈေးကွက်ထဲမှာ ကစားသမား ဖြည့်တင်းမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ပြင်ဆင်လာခဲ့ပြီး ရော်နယ်လ်ဒိုရဲ့ အသင်းဖော်ဟောင်း တဲလက်စ်ကို ခေါ်ယူဖွယ် ရှိနေပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ဘယ်နောက်ခံလူ တဲလက်စ်ဟာ ၂၀၂၀ခုနှစ်ကတည်းက ပေါ်တိုကနေ မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပြီး သူ ယူနိုက်တက်ကို ရောက်လာချိန်မှာ အသင်းမှာ သူနဲ့ နေရာတူ ကစားသမား လုခ်ရှောက ခြေစွမ်း အရမ်းပြသခဲ့လို့ တဲလက်စ်အတွက် ကစားခွင့် နည်းပါးခဲ့ရသလို ယူရိုပါလိဂ်နဲ့ ပြည်တွင်း ရှံးထွက်ပွဲတွေလောက်သာ ပါဝင်ခဲ့ရပါတယ်။

Photo Credit : Eurosport

လက်ရှိ ဘောလုံးရာသီမှာလည်း ဆီဗီလာအသင်းဆီ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားထားရတဲ့ တဲလက်စ်ဟာ ဆီဗီလာနဲ့ အငှား သက်တမ်း ပြည့်မြောက်ချိန်မှာ ယူနိုက်တက်ဆီ ပြန်ရောက်လာတော့မှာ ဖြစ်ပေမယ့်လည်း ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က တဲလက်စ်ကို အသင်းမှာ နေရာပေးမယ့် အနေအထားမျိုး မရှိတာကြောင့် လာမယ့်နွေမှာပဲ ယူနိုက်တက်နဲ့ လမ်းခွဲရနိုင်ဖွယ် ရှိနေပါတယ်။