လက်ရှိအချိန်ထိ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်နေပေမယ့်လည်း အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေခဲ့ရာ လက်ရှိမှာတော့ ဒေါ့မွန်အသင်းက ရော်နယ်လ်ဒိုရဲ့ ရွေးချယ်ချင်စရာ ကလပ်အသင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ CBS Sports ရဲ့ နာမည်ကျော် ဂျာနယ်လစ် ဘင်ဂျက်ကော့စ်က ဖော်ပြလာခဲ့ပါတယ်။

Cristiano Ronaldo's last chance to leave Manchester United this summer is  at Borussia Dortmund - Instant News

Photo Credit : Instant News

ဒီနှစ် ဘောလုံးရာသီ မစတင်ခင်ကတည်းက ယူနိုက်တက်နဲ့ လက်တွဲဖြုတ်တော့မယ့်လို့ သတင်းထွက်ပေါ်ခဲ့ပြီး အခုချိန်ထိလည်း အသင်းမှာ ဆက်ရှိဖို့ မသေချာသေးတဲ့ ရော်နယ်လ်ဒိုဟာ ချယ်လ်ဆီး ဘာစီလိုနာ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ ဆက်တိုက် သတင်းထွက်ပေါ်ခဲ့ပေမယ့် ဒီအသင်းတွေဘက်ကတော့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ ရော်နယ်လ်ဒိုနဲ့ သတင်းထွက်နေတာက သူရဲ့ငယ်ဘဝအသင်း စပို့တင်းလစ္စဘွန်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းလောက်သာ ရှိနေတော့ပေမယ့် ဒီအသင်းတွေထက် ဒေါ့မွန်အသင်းကသာ ရော်နယ်လ်ဒိုအတွက် နောက်ဆုံး ရွေးချယ်ချင်စရာ အသင်းတစ်သင်း ဖြစ်နေလိမ့်မယ်လို့ CBS Sports ကနေ သုံးသပ်ဖော်ပြလာခဲ့ပါတယ်။

Image

Photo Credit : Twitter

ရော်နယ်လ်ဒို မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာချင်ရတဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ဆင်နွဲခွင့်ကို ဒေါ့မွန်အသင်းက ရရှိထားတာဖြစ်ပြီး တကယ်လို့များ ရော်နယ်လ်ဒိုအနေနဲ့ ဒေါ့မွန်နဲ့အတူ ဘွန်ဒစ်လီဂါမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ဥရောပ အမှတ်ပေးလိဂ်(၄)ခုမှာ အမှတ်ပေးချန်ပီယံ (၄)ခုကို ရယူနိုင်ဖူးတဲ့ ပထမဆုံး ကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကိုပါ ပိုင်ဆိုင်ရနိုင်မှာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုက အသက်(၃၇)နှစ်အရွယ်ကို ရောက်နေသည့်တိုင်အောင် ရည်မှန်းချက် ပြင်းထန်နေသူ ဖြစ်နေသေးတာကြောင့် ဘောလုံးသမားဘဝကနေ အနားမယူခင် ဘယ်ကစားသမားကမှ လက်လှမ်းမီလို့တောင် မရနိုင်မယ့် အောင်မြင်မှုတွေ စံချိန်မှတ်တမ်းကောင်းတွေကို ရနိုင်သလောက် ယူသွားချင်မှာ သေချာပါတယ်။ ဒါကြောင့်လည်း ရော်နယ်လ်ဒိုရဲ့အေးဂျင့်က သူ့ကစားသမား အသင်းပြောင်းချင်တဲ့ အချိန်မှာ ဘွန်ဒစ်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကို စတင် ဆက်သွယ်ခဲ့တာဖြစ်ပြီး ဘိုင်ယန်ဘက်က ရော်နယ်လ်ဒိုကို မခေါ်ယူလိုတာကြောင့်သာ အခြားအသင်းတွေကို ဆက်လက် ဆက်သွယ်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒေါ့မွန်က ရော်နယ်လ်ဒိုအတွက် ရွေးချယ်စရာ ဖြစ်နေတယ် ဆိုပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ လုပ်ခလစာကို ဒေါ့မွန်ဘက်က ပေးချေနိုင်မှာ မဟုတ်သလို လတ်တလောမှာကလည်း ရော်နယ်လ်ဒိုကို ခေါ်ယူချင်တဲ့ အသင်းအဖြစ် အသက်လက်တီကို တစ်သင်းတည်းကပဲ စိတ်အားထက်သန်နေတာကြောင့် ရော်နယ်လ်ဒိုရဲ့ အနာဂတ်က ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။