ဆော်ဒီထိပ်သီးကလပ် အယ် နက်ဆာရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ် ရှာဘက် ၂-၃ အယ် နက်ဆာ ပွဲစဉ်မှာ သူ့ကို ပွဲစဉ်တလျှောက်လုံး လှောင်ပြောင်ခဲ့တဲ့ အယ် ရှာဘက်ရဲ့ ပရိသတ်တွေကို မဖွယ်မရာ အကွက်ဆန်း တခု ထုတ်ပြကာ ပြန်လည် တုံ့ပြန်ခဲ့တာကြောင့် ယခုအချိန်မှာ ၁ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံလိုက်ရပြီလို့ သိရှိရပါတယ်။

အသက် ၃၉နှစ် အရွယ် ပေါ်တူဂီနဲ့ အယ် နက်ဆာတို့ရဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ အယ် နက်ဆာ အတွက် သွင်းဂိုးတွေ တရစပ် သွင်းယူပေးထားသူ ဖြစ်ပြီး သူက အယ် ရှာဘက်နဲ့ ပွဲစဉ် အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲဆက် သွင်းဂိုးတွေ တောက်လျှောက် သွင်းယူပေးထားပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုက အယ် နက်ဆာရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တာကြောင့် ပြိုင်ဘက်ပရိသတ်တွေက သူ့ကို မကြာခဏ လှောင်ပြောင်မှုတွေ ၊ စနောက်မှုတွေ လုပ်လေ့ ရှိကြပြီး အယ် ရှာဘက် ၂-၃ အယ် နက်ဆာ ပွဲစဉ်မှာလည်း အယ် ရှာဘက်ရဲ့ ပရိသတ်တွေက ရိုနယ်ဒို ဘောလုံးထိတိုင်း “မက်ဆီ”ရဲ့ နာမည်ကို ကြွေးကြော်ကာ ရိုနယ်ဒိုကို လှောင်ပြောင်ခဲ့ကြပါတယ်။

အယ် ရှာဘက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို သည်းမခံနိုင်တော့တဲ့အဆုံး ရိုနယ်ဒိုက ပွဲပြီးဆုံးချိန်မှာ အယ် ရှာဘက်ရဲ့ ပရိသတ်တွေ ရှိနေတဲ့ ပွဲကြည့်စင်ဘက်ကို လှည့်ကာ တကိုယ်ရေ အာသာဖြေသလို လုပ်ပြကာ လှောင်ပြောင်မှုတွေကို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

Photo Credit: Standard

ဆော်ဒီနိုင်ငံက အစ္စလာမ် ဘာသာရေးကို အလေးထားတဲ့ နိုင်ငံ ဖြစ်တာကြောင့် ရိုနယ်ဒိုရဲ့ လိင်မှုကိစ္စဘက် နွယ်သွားတဲ့ တုံ့ပြန်ပုံ အတွက် ရိုနယ်ဒိုကို အရေးယူဖို့ စီစဉ်ခဲ့ကာ ဆော်ဒီဘောလုံးအဖွဲ့ချုပ်က ရိုနယ်ဒိုကို ၁ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ဆော်ဒီငွေ ၃၀၀၀၀ ပေးချေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ရိုနယ်ဒိုကတော့ သူဟာ အယ် ရှာဘက်အသင်းကို မလေးမစား လုပ်ဖို့ စိတ်ကူးမရှိသလို ဥရောပမြေမှာ အဲ့ဒီလို အောင်ပွဲခံဟန်တွေ လုပ်လေ့ ရှိတာကြောင့် အကျင့်ပါပြီး လုပ်မိခဲ့တာ ဖြစ်ကြောင်း ဆင်ခြေပေးလာခဲ့ပါတယ်။ ရိုနယ်ဒိုက – “ကျွန်တော်က ကလပ်တွေ အားလုံးကို လေးစားပါတယ်။ ခက်ခက်ခဲခဲ ကြိုးစားပြီး အနိုင်ယူခဲ့ရတဲ့ ပွဲစဉ်အပြီးမှာ အပျော်လွန်သွားတာကြောင့် အဲ့ဒီလို အောင်ပွဲခံမိခဲ့တာပါ။ ဒါက ရှက်စရာကောင်းတဲ့ အပြုအမူ မဟုတ်ပါဘူး။ ဥရောပမြေမှာဆိုရင် အဲ့ဒီလိုပဲ အောင်ပွဲခံကြတာပါ” လို့ ပြောကြားသွားခဲ့တာပါ။