ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဆော်ဒီပရိုလိဂ်ဟာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ ခုထဲမှာ ပါဝင်နေပြီဖြစ်ကြောင်း သူရဲ့ အငြင်းပွားဖွယ်ရာ ပြောစကားကို ထပ်လောင်းပြောကြားလိုက်ပြီး သူ့ရဲ့ လက်ရှိကလပ် အယ်လ်နာဆာအသင်းနဲ့အတူ ချန်ပီယံဖြစ်လိုတဲ့ ရည်မှန်းချက်ကြီးကိုလည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မကြာသေးခင်က အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ များစွာထွက်ပေါ်ခဲ့ပြီးနောက် ဘာလွန်းဒေါ ၅ ကြိမ်ရှင် ရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းကလပ် အယ်လ်နာဆာနဲ့ နောက်ထပ် သက်တမ်း(၂)နှစ်အတွက် စံချိန်တင် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဒီစာချုပ်သစ်ကြောင့် ရော်နယ်လ်ဒိုဟာ အသက်(၄၂)နှစ်ကျော်တဲ့အထိ အယ်လ်နာဆာအသင်းမှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

Photo Credit : The New York Times

ရော်နယ်လ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း(၁၀၀၀)ပြည့်မြောက်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး အသက်အရွယ်ရလာပေမယ့် ခြေစွမ်းကျဆင်းသွားခြင်း မရှိပါဘူး။ ဆော်ဒီလိဂ်မှာ ရွှေဖိနပ်ဆုတွေကို တစ်နှစ်ပြီးတစ်နှစ် ဆွတ်ခူးနေသလို ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ အဓိကအားထားရတဲ့ အသင်းခေါင်းဆောင်အဖြစ်လည်း ဆက်လက်ရှိနေပါတယ်။

စာချုပ်သစ် မချုပ်ဆိုခင်မှာ အယ်လ်နာဆာကနေ ထွက်ခွာဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ရော်နယ်လ်ဒိုကတော့ သူ့ကစားသမားဘဝရဲ့ ဒီအဆင့်မှာ ဆော်ဒီလိဂ်ဟာ အကောင်းဆုံးနေရာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ အရင်ကတည်းက ဆော်ဒီလိဂ်ဟာ ပြင်သစ် လီဂူး-၁ နဲ့ အမေရိကန် မေဂျာလိဂ်တို့ထက် ပိုမိုတယ်လို့ သူက ပြောဆိုခဲ့ဖူးပါတယ်။

Photo Credit : Goal

စာချုပ်သစ်ချုပ်ဆိုပြီးနောက် အယ်လ်နာဆာရဲ့ တရားဝင်မီဒီယာကို ရော်နယ်ဒိုက “ဟုတ်ပါတယ်၊ ကျွန်တော်တို့ (ဆော်ဒီပရိုလိဂ်) ဟာ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမဲ့ အခုလက်ရှိအချိန်မှာကိုပဲ ကမ္ဘာ့ထိပ်တန်းလိဂ်(၅)ခုထဲမှာ ပါဝင်နေပြီလို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ ဆက်ပြီး တိုးတက်လာဦးမှာပါ။ အချိန်တွေလည်း ရှိပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာပဲ ဒီလိဂ်က အမြဲတမ်း တိုးတက်နေတယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။”

“ကျွန်တော် ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိဂ်က ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တယ်ဆိုတာ ကျွန်တော်သိလို့ပဲ။ ဆော်ဒီမှာ တစ်ခါမှ မကစားဖူးတဲ့သူတွေ ဘောလုံးအကြောင်း ဘာမှနားမလည်တဲ့သူတွေကပဲ ဒီလိဂ်ကို ထိပ်တန်း(၅)ခုထဲ မဝင်ဘူးလို့ ပြောကြတာပါ။ ကျွန်တော့်စကားကို ကျွန်တော် ၁၀၀% ယုံကြည်တယ်။ ဒီလိဂ်မှာ ကစားနေတဲ့သူတိုင်း ကျွန်တော် ဘာကိုပြောနေလဲဆိုတာကို သိကြပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။