စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ကော်တွိုက်စ်က သူဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လက်ရွေးစင် အသင်းဖော် တဦးလည်းဖြစ် ၊ သူ့ရဲ့ သူငယ်ချင်းလည်း ဖြစ်တဲ့ လူကာကူ ရှိနေတဲ့ အင်တာမီလန်ကို အနိုင်ရစေချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

ကော်တွိုက်စ်ရဲ့ ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့နှစ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ဆီမီးဖိုင်နယ် အထိသာ တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်က အင်္ဂလန် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးကို နှစ်ကျော့ပေါင်း ရလဒ် ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: 90 Min

တဖက်မှာတော့ လူကာကူ ကစားနေတဲ့ အင်တာမီလန်က ယခုနှစ် ဘောလုံးရာသီမှာ ကိုပါအီတာလီယာ ဆုဖလားကို သိမ်းပိုက်ထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပေါ်တို ၊ ဘင်ဖီကာ ၊ အေစီမီလန်တို့ကို ရှုံးထွက်အဆင့်တွေမှာ အနိုင်ယူကာ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လာမယ့် ဇွန်လ ၁၁ရက်နေ့မှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး ကော်တွိုစ်ကတော့ မန်ချက်စတာ စီးတီးမှာ သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ဒီဘရိုင်း ရှိနေပေမယ့် အင်တာမီလန်မှာ ကစားနေတဲ့ လူကာကူဟာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း တဦး ဖြစ်တာကြောင့် လူကာကူ ရှိနေတဲ့ အင်တာမီလန်ကိုပဲ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်စေချင်ကြောင်း ဆိုလာပါတယ်။

Photo Credit: FFA

ကော်တွိုက်စ်က – “ကျွန်တော်က လူကာကူ တယောက် ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ လူကာကူက ဒီဘရိုင်းနဲ့ ပြိုင်ဘက်တွေ အဖြစ် ကစားရမှာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီဘရိုင်းနဲ့ မတွေ့ခင်ကတည်းက လူကာကူနဲ့ သိခဲ့တာပါ။ ဒါကြောင့် ကျွန်တော်က လူကာကူကို အတော်လေး လေးစားပါတယ်” ဆိုပြီး ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။