ဘယ်လ်ဂျီယံ လက်ရွေးစင် ဘောလုံးအသင်းဟာ မကြာခင်မှာပဲ စတင် ကျင်းပသွားတော့မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ ပါဝင် ယှဉ်ပြိုင်သွားမယ့် ကစားသမားစာရင်းကို တရားဝင် ထုတ်ပြန်ရာမှာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဂိုးသမား တီးဘို့ ကော်တိုအာက ယူရို ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

အသက် (၃၂)နှစ်အရွယ် ရီးယဲလ်ဂိုးသမား ကော်တိုအာဟာ ကော်တိုအာဟာ ရီးယဲလ်နဲ့ လေ့ကျင့်ခန်း အစီအစဉ်အတွင်း ဘယ်ဘက်ဒူးအရွတ်စုတ်ပြဲဒဏ်ရာ တနည်းအားဖြင့် ACL Injury ကို ရရှိသွားခဲ့တာကြောင့် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရပြီး အခု မေလဆန်းပိုင်းမှသာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်တာ ဖြစ်ပါတယ်။

Photo Credit : Clutch Points

ရက်ပေါင်း (၂၀၀)ကျော် (၃၀၀)နီးပါးလောက်အထိ အနားယူလိုက်ရတဲ့ ဂိုးသမား ကော်တိုအာဟာ လက်ရှိမှာ ပြန်လည် ကစားနေနိုင်ပြီ ဖြစ်ပေမယ့်လည်း ဘယ်လ်ဂျီယံနည်းပြ တယ်ဒယ်စကိုကတော့ သူ့အနေနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ကော်တိုအာကို ရွေးချယ်မှာ မဟုတ်ကြောင်း မေလဆန်းပိုင်းကပဲ အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

အခုလည်း ယူရို-၂၀၂၄ အတွက် ကစားသမားစာရင်း တရားဝင် ထုတ်ပြန်လာချိန်မှာလည်း နည်းပြ တယ်ဒယ်စကိုက ဂိုးသမား (၃)ဦးအဖြစ် ဝုလ်ဖ်ဘတ် ဂိုးသမား ကတ်စတီးလ် ၊ လူတန်တောင်း ဂိုးသမား ကာမင်စကီးနဲ့ နော်တင်ဟမ် ဖောရက်စ် ဂိုးသမား ဆဲလ်တို့ကိုသာ ရွေးချယ်ပြီး ကော်တိုအာကိုတော့ လူစာရင်းကနေ ချန်လှပ်သွားခဲ့ပါတယ်။

Photo Credit : Marca

တကယ်တော့ ဝါရင့် ဂိုးသမားတစ်ဦးဖြစ်တဲ့ ကော်တိုအာဟာ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ စတင်ပြီး ဘယ်လ်ဂျီယံရဲ့ အဓိက ဂိုးသမားအဖြစ် ပါဝင်ဆင်နွဲခဲ့ကာ ယူရို-၂၀၁၆ ၂၀၁၈ ကမ္ဘာ့လား ယူရို-၂၀၂၀နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအထိလည်း ဆက်တိုက် ပါဝင်ဖြစ်ခဲ့ပါတယ်။

အခုတော့ ဘယ်လ်ဂျီယံနဲ့အတူ ယူရို-၂၀၂၄ပြိုင်ပွဲကို ပါဝင်ဆင်နွဲခွင့် မရှိတော့တဲ့ ဂိုးသမား ကော်တိုအာကတော့ ဒီနွေမှာ အနားယူသွားရဖို့သာ ရှိနေပြီး လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အဆင်သင့် ဖြစ်နေဖို့အတွက်ကိုပဲ ကြိုးစားပြင်ဆင်သွားရဖွယ်သာ ရှိနေပါတယ်။