ချယ်လ်ဆီး အသက်လက်တီကိုအသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဒီယေဂို ကော်စတာကတော့ ဘရာဇီးလ်နိုင်ငံ ရီယို ဂရန်ဒီခရိုင်ဒေသရှိ ရေဘေးဒုက္ခသည်ပေါင်း အယောက် (၁၀၀)ခန့်ကို ကူညီ ကယ်တင်ပေးနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ်နွယ်ဖွား စပိန် လက်ရွေးစင်ဟောင်း ဝါရင့် တိုက်စစ်မှူးကြီး ဒီယေဂို ကော်စတာက ဘရာဇီးလ်ကလပ် ဂရီမီရိုအသင်းမှာ ပါဝင်နေရင်း ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းလျက် ရှိနေပါတယ်။

Photo Credit : Football Espana

ဥရုဂွေး ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ကို လက်လွတ်ထားရတဲ့ ဂရီမီရိုက ဆွာရက်ဇ်နေရာမှာ နောက်ထပ် ဝါရင့် ကစားသမားကြီးဖြစ်တဲ့ ကော်စတာနဲ့ ပြန်လည် အစားထိုးပြီး ကော်စတာကလည်း လက်ရှိမှာ ဂရီမီရိုအသင်းအတွက် (၁၀)ပွဲကစား (၆)ဂိုးသွင်းယူထားခဲ့ပါတယ်။

အသင်းအတွက် ဒီလို စွမ်းဆောင်မှုကောင်းတွေ ပြသနေတဲ့ ကော်စတာဟာ ဂရီမီရိုကလပ်အသင်း အခြေစိုက်ရာ ဘရာဇီးလ်နိုင်ငံတောင်ပိုင်း ရီယို ဂရန်ဒီဒေသထဲ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေရာကနေ လူပေါင်း အယောက် (၁၀၀)ကို ကယ်ဆယ်နိုင်ဖို့အတွက်ပါ ကူညီခဲ့ပါသေးတယ်။

Photo Credit : Daily Mail

ကော်စတာက ဂရီမီရိုအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေအပြီး သူရဲ့နေအိမ်ဆီ ပြန်အလာ လူတစ်စုက အကူအညီတောင်းနေတာနဲ့ ကြုံတွေ့လိုက်ရချိန်မှာ ကော်စတာနဲ့ သူရဲ့ အပေါင်းအပါတို့ဟာ သူတို့ရဲ့ ဂျစ်ကားနဲ့ ဂျက်စကီးတို့ကို အသုံးပြုပြီး ရေကြီးမှုကြောင့် ပိတ်မိနေတဲ့သူများကို ဘေးကင်ရာဆီ ပို့ဆောင်ပေးဖို့ ကူညီပေးခဲ့ပါတယ်။

ရီယို ဂရန်ဒီဒေသမှာ သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူပေါင်း (၈၃)ဦးအထိ သေဆုံးခဲ့ရပြီး (၂၇၆)ဦးက ဒဏ်ရာ ရရှိနေသလို (၁၁၁)ဦးဟာလည်း ပျောက်ဆုံးနေရတယ်လို့ CNN သတင်းဌာနကြီးမှာ ဖော်ပြထားခဲ့သလို ဒီရေကြီးမှုကြောင့် အနည်းဆုံး လူပေါင်း (၁၂၁၀၀၀)လောက်ပါ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရပါတယ်။