ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူက အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို စပါးနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် ကူညီပေးသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက စပါးအတွက် ဆယ်စုနှစ် တစုကျော်ကြာ ကစားပေးခဲ့သလို ရာနဲ့ချီတဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဟယ်ရီကိန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ကြောင်းကို ရွှေဖိနပ်ဆုတွေနဲ့ သက်သေပြနိုင်ခဲ့ပေမယ့် ဟယ်ရီကိန်းဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ဆုဖလားတွေ တကြိမ်မှ မရဖူးသေးပဲ အမြင့်ဆုံးအနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီသာ ရောက်ခဲ့ဖူးပါတယ်။

ဒါကြောင့်ပဲ စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီက ဖူလ်ဟမ် ၀-၁ စပါး ပွဲအပြီးမှာ သူဟာ ဟယ်ရီကိန်းကို စပါးနဲ့အတူ ဆုဖလားတွေ ရယူနိုင်အောင် ကူညီပေးသွားမယ့် အကြောင်းနဲ့ ဟယ်ရီကိန်းဟာ ဆုဖလားတွေနဲ့ ထိုက်တန်တဲ့ တိုက်စစ်မှူး တဦး ဖြစ်ကြောင်း ပြောကြားသွားခဲ့တာပါ။

Photo Credit: Sky Sports

ကွန်တီက – “သေချာတာပေါ့။ ကျွန်တော်က သူ့ကို စပါးနဲ့အတူ ဆုဖလားတွေ ရယူနိုင်အောင် ကူညီပေးသွားချင်ပါတယ်။ သူရယ် ၊ ကျွန်တော်ရယ် ၊ သူ့ရဲ့ အသင်းဖော်တွေရယ်က အသင်းအတွက် ဆုဖလား တခုခု ရအောင် ကြိုးစားဖို့ လိုပါတယ်။ ဒါက အရေးအကြီးဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟယ်ရီကိန်းက စပါးကို ချစ်လို့ပါ။ ကိန်းရဲ့ နှလုံးသားထဲမှာ စပါး ရှိနေသလို ကျွန်တော်တို့တွေ အတူတူ ဆုဖလားတွေ ရယူနိုင်ရင် ပိုပြီး ကောင်းပါလိမ့်မယ်။ သူက စံချိန်ပေါင်း များစွာကို ချိုးဖျက်ထားနိုင်ပေမယ့် သူ့အတွက် အခုချိန်မှာ အရေးအကြီးဆုံးက ဆုဖလားတွေ ရယူနိုင်ဖို့ပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။