ပရီးမီးယားလိဂ် နာမည်ကြီးကလပ် တော့တင်ဟမ် ဟော့စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ ချယ်လ်ဆီးနည်းပြ တူဟယ်လ် အပါအဝင် ချယ်လ်ဆီး ကစားသမား တချို့နဲ့ပါ အချင်းများခဲ့ပြီးနောက် တူဟယ်လ်ကို လာမယ့် ဒုတိယအကျော့ ပွဲစဉ်အတွက် ကြိုတင် ပြင်ဆင်ထားဖို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ စပါးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၂) အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တဖက် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သလို ပွဲအတွင်းမှာလည်း နှစ်ဖက် ကစားသမားတွေရဲ့ အချင်းများမှုတွေ ၊ တဖက်နဲ့ တဖက် အပြိုင်အဆိုင် အောင်ပွဲခံကြပုံတွေနဲ့ အတော်လေးကို ကြည့်လို့ကောင်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: Standard

ဒါ့အပြင် နှစ်ဖက်အသင်းတွေရဲ့ နည်းပြတွေ ဖြစ်ကြတဲ့ တူဟယ်လ်နဲ့ ကွန်တီတို့ကလည်း ပွဲပြီးဆုံးချိန်မှာ လက်ဆွဲနှုတ်ဆက်ကြရင်း အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ကြပြီး ရန်ပွဲဟာ အတော်လေး ပြင်းထန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က သူတို့နှစ်ဦးစလုံးကို အနီကတ်ပြသကာ ပြစ်ဒဏ်ပေးပါတယ်။

ဒါပေမယ့် ကွန်တီနဲ့ တူဟယ်လ်တို့ရဲ့ ရန်ပွဲက ပွဲပြီးအင်တာဗျူးတွေ လုပ်တဲ့ အထိ မပြီးဆုံးသေးပဲ တူဟယ်လ်က သူတို့အသင်း တသင်းထဲကသာ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ကြောင်း ထုတ်ပြောခဲ့သလို ကွန်တီကလည်း သူတို့ရဲ့ ရန်ပွဲဟာ မပြီးဆုံးသေးပဲ လာမယ့် ဒုတိယအကျော့ ပွဲစဉ်အတွက် အသင့်ပြင်ထားဖို့ တူဟယ်လ်ကို သတိပေးလိုက်ပါတယ်။

Photo Credit: Standard

ကွန်တီက – “ကျွန်တော်တို့က လာမယ့်ပွဲ အတွက် ပိုပြီး အာရုံစိုက်ရပါတော့မယ်။ ကျွန်တော်တို့တွေ လက်ဆွဲမနှုတ်ဆက်တော့ဘူး။ သူလည်း သူ့ရဲ့ နည်းပြတန်းမှာနေ ၊ ကျွန်တော်လည်း ကိုယ့်ရဲ့ နည်းပြတန်းမှာပဲ နေပါမယ်။ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ဝင်တွေကိုလည်း ကျွန်တော့်ဘက်မှာပဲ သေချာ ခေါ်ထားပါမယ်။ ဒါဆိုရင် ပြဿနာ တက်စရာ မရှိတော့ပါဘူး။ ကျွန်တော်က ခုခံနေမယ့် လူစားမျိုး မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော့်ကိုသာ လာပြီး တိုက်ခိုက်မယ် ဆိုရင် ကျွန်တော်ကလည်း ပြန်လည် တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် ကျွန်တော် ထပ်ပြောချင်ပါတယ်။ ဒီနေ့ဖြစ်ရပ်ဟာ ကျွန်တော့်အတွက် ပြဿနာ တခု မဟုတ်ပါဘူး” လို့ ပွဲပြီးအင်တာဗျူးမှာ ထိန်းထိန်းသိမ်းသိမ်း ထုတ်ဖော် ပြောကြားခဲ့ပေမယ့် အိမ်ပြန်ရောက်ချိန်မှာတော့ တူဟယ်လ်ကို ခြိမ်းခြောက်စကားမျိုး ပြောကြားခဲ့ပါတယ်။

ကွန်တီက သူ့ရဲ့ လူမှုကွန်ယက် အကောင့်မှာတော့ တူဟယ်လ် တယောက် ချယ်လ်ဆီးဘက်က ဒုတိယဂိုး ရရှိချိန်မှာ သူ့ရဲ့ နံဘေးနား အထိ လာရောက် အောင်ပွဲခံခဲ့တဲ့ ပုံကို တင်ပြီး “ငါ မင်းကို မတွေ့လိုက်တာ မင်း ကံကောင်းသွားတယ်။ ဒုတိယအကျော့ အတွက် မင်းကို အကောင်းဆုံး ဧည့်ခံနိုင်အောင် ပြင်ထားမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။