ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ အီတလီ ထိပ်သီးနည်းပြ အန်တိုနီယို ကွန်တီက သူဟာ စီးရီးအေ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ရိုးမားနဲ့ နာပိုလီတို့ကို ကိုင်တွယ်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၄နှစ် အရွယ် အီတလီလူမျိုး အန်တိုနီယို ကွန်တီက ဂျူဗင်တပ် ၊ ချယ်လ်ဆီး ၊ စပါး ၊ အင်တာမီလန် စတဲ့ ဥရောပ နာမည်ကြီးကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးသလို အီတလီ လက်ရွေးစင်အသင်းကိုပါ ကိုင်ခဲ့ဖူးတဲ့ ထိပ်သီးနည်းပြပဲ ဖြစ်ပါတယ်။

Photo Credit: Gazetta

ကွန်တီက နာမည်ကြီး ကလပ်အသင်း ၄သင်းကို ကိုင်တွယ်ခဲ့ရာ ဂျူဗင်တပ် ၊ ချယ်လ်ဆီး ၊ အင်တာမီလန် စတဲ့ အသင်းတွေနဲ့ သက်ဆိုင်ရာ လိဂ်ဖလားတွေကို အပိုင် သိမ်းပိုက်နိုင်ခဲ့သလို အခြား ဆုဖလားပေါင်း များစွာကိုလည်း ရယူနိုင်ခဲ့တာကြောင့် အခုချိန်အထိ ကွန်တီကို နည်းပြအဖြစ် ခေါ်ယူချင်တဲ့ အသင်းတွေ အများကြီး ရှိနေပါသေးတယ်။

လက်ရှိမှာတော့ အီတလီ နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ ရိုးမားနဲ့ နာပိုလီတို့က သူတို့အသင်းတွေရဲ့ နည်းပြတွေ ဖြစ်တဲ့ မော်ရင်ဟိုနဲ့ ရူဒီ ဂါစီယာတို့ကို ရာထူးကနေ ထုတ်ပယ်ကာ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

Photo Credit: Euro Sports

ရိုးမားနဲ့ နာပိုလီတို့ရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် ကွန်တီကတော့ သူဟာ ရာသီဝက် ကာလအတွင်းမှာ အသင်းသစ် တသင်းကို ကိုင်တွယ်ဖို့ စိတ်မဝင်စားပဲ ရာသီကုန်မှသာ နည်းပြပြန်လုပ်ဖို့ စဉ်းစားထားပြီး တနေ့မှာ ရိုးမားနဲ့ နာပိုလီတို့ကို ကိုင်တွယ်ချင်ကြောင်း ဆိုလာပါတယ်။

ကွန်တီက – “ဆော်ဒီရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှု ရခဲ့ပေမယ့် အဲ့ဒီ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။ ကျွန်တော်က ဆော်ဒီဆီ သွားဖို့ စိတ်မဝင်စားသေးပါဘူး။ ကျွန်တော်က ဂျူဗင်တပ်မှာ ၃နှစ်ပဲ နည်းပြလုပ်ခဲ့လို့ နောင်တတော့ ရပါတယ်။ တနေ့မှာတော့ ကျွန်တော်က ရိုးမား ဒါမှမဟုတ် နာပိုလီကို ကိုင်တွယ်ချင်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က အသင်းသစ် တသင်းကို ရာသီကုန်ချိန်မှပဲ ကိုင်တွယ်ချင်တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။