မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျက် ဂရီးလစ်ရှ်ဟာ နာပိုလီအသင်းကို ပြောင်းရွှေ့သွားခဲ့ရင် ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေဖြစ်တဲ့ စကော့ မတ် တွမ်မီနေး ၊ ဘီလီ ဂေးလ်မော့ တို့နဲ့ ပူးပေါင်းနိုင်ခြေရှိနေပြီး နာပိုလီနည်းပြ အန်တိုနီယို ကွန်တီကလည်း ဂရီးလစ်ရှ်ကို အရမ်း သဘောကျနေတယ်လို့ သိရပါတယ်။

ဂရီးလစ်ရှ်ဟာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ မန်စီးတီးအတွက် (၇)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီးနောက် သူ့အသင်းပြောင်းရွှေ့မယ့် ကောလာဟလတွေဟာလည်း ဆက်တိုက် ထွက်ပေါ်နေခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် ကစားသမား ဂရီးလစ်ရှ်ဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၃၁)ပွဲ ပါဝင်ကစားခဲ့ရာမှာ (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Goal

 

မန်စီးတီးက (၅)နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆု လွဲချော်ခဲ့ပြီးနောက် စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ဒီနွေရာသီမှာ သူ့အသင်းရဲ့ ကစားသမားအင်အားကို အပြောင်းအလဲလုပ်ဖွယ် ရှိနေပီး ဂရီးလစ်ရှ်ဟာလည်း အသင်းက ထွက်ခွာခွင့်ရမယ့် ကစားသမားတွေထဲမှာ ထိပ်ဆုံးနေရာကနေ ပါဝင်လာနိုင်ပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ အသက်(၂၉)နှစ်အရွယ် တိုက်စစ်ကစားသမားကို နာပိုလီအသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လက်ရှိ နာပိုလီရဲ့ နည်းပြဖြစ်နေတဲ့ ချယ်လ်ဆီးနဲ့ တော့တင်ဟမ် နည်းပြဟောင်း ကွန်တီဟာ ဂရီးလစ်ရှ်ရဲ့ တီထွင်ဖန်တီးနိုင်မှု အရည်အသွေးတွေကို သဘောကျတယ်လို့ ဆိုပါတယ်။ ဂရီးလစ်ရှ်ဟာ အင်္ဂလန်မှာ ဆက်နေတာထက် ပြည်ပကို ပြောင်းရွှေ့ဖို့ ပိုစိတ်ဝင်စားတယ်လို့ သိရပြီး သူ့ကိုလည်း နာပိုလီအပြင် ဂျာမနီထိပ်တန်းကလပ် ဒေါ့မွန်ကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

Photo Credit : Goal

နာပိုလီဟာ ဒီနွေမှာပဲ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း တွမ်မီနေးနဲ့ သူ့ရဲ့ စကော့တလန် လက်ရွေးစင် အသင်းဖော် ဂေးလ်မောတို့ကို ခေါ်ယူထားခဲ့ပြီး လက်ရှိမှာလည်း ဒီရာသီ စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေသလို လာမယ့်ရာသီအတွက်လည်း ဂရီးလစ်ရှ်လို ကစားသမားမျိုးကို အလိုရှိနေပါတယ်။

ဂရီးလစ်ရှ်ကို အမေရိကန် မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ်က ကလပ်အသင်းတွေလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဂရီးလစ်ရှ်ကတော့ ဥရောပရဲ့ အမြင့်ဆုံးအဆင့်မှာ ဆက်လက် ကစားနိုင်စွမ်းရှိသေးတယ်လို့ ယုံကြည်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် အင်္ဂလန်အသင်း လူစာရင်းမှာပါ နေရာရဖို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။