ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီကတော့ သူကသာ စပါးအသင်းရဲ့ အခြေအနေကို အားမရတော့ရင် အသင်းကနေ ထွက်ခွာမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အီတလီလူမျိုး ထိပ်သီးနည်းပြဖြစ်သူ ကွန်တီက ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂ရက်နေ့ကမှ စပါးဆီ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူနဲ့ စပါးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Sky Sports

ကွန်တီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စပါးကို မဖြစ်နိုင်တဲ့ အနေအထား ကနေ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် စပါးရဲ့ ဘုတ်အဖွဲ့က ကွန်တီကို အသင်းရဲ့ နည်းပြအဖြစ် ကာလရှည် ရှိနေစေချင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ကွန်တီရဲ့ စပါးဟာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်၅နေရာကို ရောက်ရှိနေပါတယ်။

ဒါ့အပြင် စပါးက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲမှာ ၁ပွဲသာ အနိုင်ရထားခဲ့ပြီး ကွန်တီကတော့ ပြီးခဲ့တဲ့ အပတ်မှာပဲ သူတို့အသင်းဟာ ကစားသမားသစ်တွေကို ဝယ်ယူဖို့ လိုအပ်ကြောင်းနဲ့ လက်ရှိ အသင်းရဲ့ လူစာရင်းနဲ့သာ ဆိုရင် ဘယ်လိုအောင်မြင်မှုမျိုးကိုမှ ရယူနိုင်မှာ မဟုတ်ဘူးလို့ အတိအလင်း ထုတ်ပြောခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် စပါးရဲ့ ဘုတ်အဖွဲ့ကတော့ ယခု ဆောင်းဈေးကွက် အတွင်းမှာ တန်ကြေးမြင့် အပြောင်းအရွှေ့တွေကို ပြုလုပ်ဖို့ထက် လူငယ်ကြယ်ပွင့်တွေကို စုဆောင်းဖို့သာ ကြိုးစားနေပြီး စပါးဘုတ်အဖွဲ့ရဲ့ သူ့စကားကို အလေးမထားမှုတွေကြောင့်ပဲ ကွန်တီက သူ လိုချင်တဲ့ အနေအထားမျိုးသာ မရခဲ့ရင် စပါးကနေ ထွက်ခွာဖို့ အဆင်သင့်ပဲလို့ ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ကွန်တီက – “ကျွန်တော့်ရဲ့ အလုပ်က စပါးအတွက် ခိုင်မာတဲ့ စီမံကိန်း တခု ဖန်တီးပေးဖို့ပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် လုပ်ဖို့ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ကသာ ဒီအလုပ်မှာ ပျော်နေတယ် ဆိုရင် ကျွန်တော်က ဒီအသင်းမှာ ဆက်နေတာကို ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကသာ ဒီအလုပ်မှာ ၁၀၀ ရာခိုင်နှုန်း ပါဝင် ပတ်သတ်ခွင့် မရရင်တော့ ကျွန်တော်က အလုပ်ကနေ ထွက်ဖို့ အဆင်သင့်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။