ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ကံမကောင်းလို့သာ ဖြစ်ကြောင်း ဆင်ခြေပေးသွားခဲ့ပါတယ်။

စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် အိမ်ကွင်းမှာ လီဗာပူးကို ဧည့်ခံ ကစားခဲ့ရာ နှစ်သင်းစလုံးက နိုင်ပွဲ ရဖို့ လိုအပ်နေတာကြောင့် ကျားကုတ်ကျားခဲ ကြိုးစား ကစားခဲ့ကြပြီး ဧည့်သည် လီဗာပူးက အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့ သွင်းဂိုး ၂ဂိုးနဲ့အတူ ပထမပိုင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ခွင့် ရခဲ့ပါတယ်။

Photo Credit: Football 365

ဒုတိယပိုင်းမှာတော့ ချေပဂိုးတွေ လိုအပ်နေတဲ့ စပါးက တင်ကစားလာခဲ့ပြီး လီဗာပူးကတော့ ရထားတဲ့ ဦးဆောင်ဂိုး ၂ဂိုးကြောင့် ခံစစ်ပိုင်းကိုသာ ပိုမို ဦးစားပေး ဆော့ကစားခဲ့ကာ စပါးရဲ့ တရစပ် တိုက်စစ်ဆင်မှုကြောင့် ဟယ်ရီကိန်းက ပွဲချိန် ၇၀မိနစ်မှာ စပါးအတွက် သိက္ခာဆယ် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

စပါးက ချေပဂိုး တဂိုး ရရှိပြီးနောက် ဆက်လက် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ကစားသမားတွေရဲ့ အခွင့်အရေးကို အပိုင် အသုံးမချနိုင်မှု ၊ လီဗာပူး ဂိုးသမား အယ်လီဆန်ရဲ့ လက်စွမ်းကောင်းတွေကြောင့် လိုအပ်နေတဲ့ ချေပဂိုး တဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ လီဗာပူးကို အရှုံးပေးခဲ့ရတာပါ။

Photo Credit: Football 365

စပါး ၁-၂ လီဗာပူး ပွဲစဉ်အပြီးမှာတော့ စပါးနည်းပြ ကွန်တီက သူတို့အသင်းဟာ ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ရလဒ်မျိုးကို မရခဲ့ပဲ သူတို့အသင်းရဲ့ ဂိုးကံခေမှုနဲ့ အယ်လီဆန်ရဲ့ လက်စွမ်းကောင်းတွေကြောင့်သာ လီဗာပူးဟာ ကံကောင်းသွားခဲ့တာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကွန်တီက – “ဒီညရှုံးပွဲကို ရှင်းပြဖို့ ခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့က ဒီထက် ပိုကောင်းတဲ့ ရလဒ်မျိုးနဲ့ ထိုက်တန်တာပါ။ ဒါပေမယ့် ကျွန်တော်က အသင်းရဲ့ စိတ်ဓာတ်ပိုင်း အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့က ၂ဂိုးပြတ်နဲ့ ရှုံးနေတဲ့ အချိန်မှာ လီဗာပူးကို အများကြီး ဖိကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း ကစားပုံက အတော်လေး ကောင်းခဲ့ပါတယ်။ သူတို့အသင်းရဲ့ ဂိုးသမားကလည်း တကယ်ကောင်းတဲ့ ကာကွယ်မှုတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကန်ချက်တွေကလည်း ဂိုးတိုင်တွေ ၊ ဂိုးဘားတန်းတွေ ထိခဲ့ပါတယ်။ ဒါတွေက တဖက်အသင်း အတွက် ကံကောင်းသွားတဲ့ အချက်တွေပေါ့။ ဒါကြောင့် ဒီရလဒ်က ကျွန်တော်တို့ရဲ့ ခြေစွမ်းပိုင်းနဲ့ ထိုက်တန်မှု မရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့် ရှုံးပွဲနဲ့ ပတ်သတ်ပြီး များများစားစားတော့ ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့မှာ ဒဏ်ရာရ ကစားသမားတွေ အများကြီး ရှိနေတာတောင်မှ အခုလို ကစားပုံမျိုးနဲ့ ကစားပြနိုင်ခဲ့လို့ အသင်းရဲ့ ခြေစွမ်းပိုင်း အတွက် ကျေနပ်မိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။