အီတလီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ အန်တိုနီယို ကွန်တီက လာမယ့် ဘောလုံးရာသီမှာ အေစီမီလန်အသင်းကို ကိုင်တွယ်ဖို့ လက်ခံ သဘောတူညီထားတယ်လို့ အီတလီ အခြေစိုက် အားကစား သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

မီလန်က ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ယူရိုပါလိဂ်ဆီ ထွက်ခွာထားခဲ့ရပြီး စီးရီးအေမှာတော့ အဆင့် (၃)နေရာမှာ ရပ်တည်နေပြီး ဇယားထိပ် အင်တာထက် (၁)ပွဲပို ကစားထားကာ (၈)မှတ်ကွာနေရပါတယ်။ ကိုပါအီတလီယာမှာတော့ အတ္တလန်တာကို ရှုံးနိမ့်ပြီး ကွတားဖိုင်နယ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : beIN SPORT

တကယ်တော့ မီလန်က ဒီရာသီမှာ ကွင်းလယ်လူ ဆန်ဒရို တိုနယ်လီကို ရောင်းချပြီး ကစားသမား အများအပြားကို ပြန်လည် ဖြည့်တင်းထားခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ကနေ အုပ်စုအဆင့်နဲ့ပဲ ထွက်ခွာခဲ့ရသလို ကိုပါအီတလီယာမှာပါ ကွာတားနဲ့ ကျေနပ်ထားရတဲ့အတွက် မီလန်ဘက်က အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်ချင်လာခဲ့ပါတယ်။

ဝါရင့် အီတလီ နည်းပြကြီး ပီအိုလီက လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက မီလန် နည်းပြ ဖြစ်လာခဲ့ရပြီး ၂၀၂၁-၂၂ ဘောလုံးရာသီမှာပဲ မီလန်အသင်းကို စီးရီးအေ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ မီလန်က ပီအိုလီနေရာမှာ အီတလီ ထိပ်သီးနည်းပြ ကွန်တီနဲ့ အစားထိုးသွားချင်နေပါတယ်။

Photo Credit : Football Italia

အီတလီ ဘောလုံးသမားဟောင်းလည်း ဖြစ်သလို ဂျုဗင်တပ်စ် အင်တာမီလန်တို့လို စီးရီးအေ ထိပ်သီးအသင်း ချယ်လ်ဆီး စပါးတို့လို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေအပြင် အီတလီ လက်ရွေးစင်အသင်းကိုပါ ကိုင်တွယ်ခဲ့ဖူးတဲ့ ကွန်တီဟာ စပါးနဲ့ လက်တွဲဖြုတ်ပြီးကတည်းက ခုထိ အသင်းလက်မဲ့ ဖြစ်လို့နေပါတယ်။

အသက် (၅၄)နှစ်အရွယ် ကွန်တီဟာ စပါးအသင်းမှာသာ အောင်မြင်မှု မရခဲ့ပေမယ့် ဂျုဗင်တပ်စ် ချယ်လ်ဆီး အင်တာတို့မှာတော့ အမှတ်ပေးဖလားတွေ ရယူပေးနိုင်ခဲ့သလို စီးရီးအေမှာလည်း အတော်လေး အောင်မြင်ခဲ့တဲ့ နည်းပြဖြစ်လို့ မီလန်က သူ့ကို နည်းပြသစ်အဖြစ် တာဝန်ပေးချင်နေတာဖြစ်ပြီး အခုဆို သဘောတူညီမှုပါ ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။