ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၈)မှာ အက်စ်တွန်ဗီလာကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ကစားသမားနဲ့ အဆင့်၄အတွင်း ဝင်နိုင်ဖို့ မဖြစ်နိုင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) အဖြစ် အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရာ အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ပေမယ့် ကစားပုံပိုင်းမှာ အားရစရာ မရှိခဲ့သလို ပြိုင်ဘက် အက်စ်တွန်ဗီလာရဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်နိုင်စွမ်းလည်း မရှိခဲ့ပါဘူး။

Photo Credit: Goal

ဒါကြောင့်လည်း စပါးက ပွဲချိန် ၅၀မိနစ်နဲ့ ၇၃မိနစ်တွေမှာ အက်စ်တွန်ဗီလာရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရတာ ဖြစ်ပြီး အက်စ်တွန်ဗီလာ အတွက် သွင်းဂိုးတွေကို ပွဲချိန် ၅၀မိနစ်မှာ လိုရစ်ရဲ့ အမှားကနေ တဆင့် ရလာတဲ့ အခွင့်အရေးကို ဘွမ်ဒီယာက အကောင်းဆုံး အဆုံးသတ်ကာ သွင်းယူပေးခဲ့သလို ပွဲချိန် ၇၃မိနစ်မှာလည်း မက်ကင်းရဲ့ လှပတဲ့ ပေးပို့မှုကို ဒေါက်ဂလပ် လူးဝစ်က လှလှပပ အဆုံးသတ်ပြီး သွင်းယူပေးသွားခဲ့တာပါ။

ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့မှုဟာ စပါးလို ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းနေတဲ့ အသင်းတသင်း အတွက် နစ်နာမှု များပြားတဲ့ ရှုံးပွဲ တပွဲ ဖြစ်ခဲ့ပြီး အဆိုပါရှုံးပွဲကြောင့် စပါးက အဆင့်၄နေရာမှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ထက် ၁ပွဲပို ကစားထားကာ ရမှတ် ၂မှတ် လျော့ အနေအထားကို ရောက်ရှိသွားပါတယ်။

Photo Credit: Goal

စပါး ၀-၂ ဗီလာ ပွဲအပြီးမှာတော့ စပါးနည်းပြ ကွန်တီက သူတို့အသင်းရဲ့ လူစာရင်း မတောင့်တင်းမှုကြောင့် အခုလို ရလဒ်မျိုး ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး လူအင်အား ဖြည့်တင်းမှုတွေသာ မလုပ်ဘူး ဆိုရင် သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူတော့ကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ကွန်တီက – “ကျွန်တော်တို့တွေ ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရခဲ့တာဟာ တကယ့်ကို ကံထူးမှု တခုပါ။ ဒီစကားကို ကျွန်တော် ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့က ကစားသမား ၁၂ယောက် ၊ ၁၃ယောက်ထဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပြီး သူတို့တွေထဲက တယောက်မှ ဒဏ်ရာမရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျွန်တော်က အဲ့ဒါကို ကောင်းကောင်းကြီး နားလည်ပါတယ်။ ကျွန်တော်က အဲ့ဒီအကြောင်းကိုလည်း အသင်းဆီ ပြောပြခဲ့ပါတယ်။ လူတွေက ပြီးခဲ့တဲ့ နွေရာသီမှာ ကျွန်တော်တို့ စပါးကို ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အသင်းလို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေဟာ ရူးနှမ်းနှမ်း ယူဆမှုတွေလို့ပဲ ခံယူခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ပြောရရင် ချန်ပီယံ ဖြစ်ချင်တဲ့ အသင်းဟာ တောင့်တင်းတဲ့ ကစားသမား အင်အား ရှိရမယ်။ ပြီးတော့ လူငယ်ကြယ်ပွင့်တွေ ရှိရမယ်။ တရာသီကို အနည်းဆုံး ပေါင် ၆၀သန်း ၊ ၇၀သန်းတန် ကစားသမား ၂ယောက် ဖြည့်တင်းနိုင်ရမယ်။ ဒါမှပဲ အသင်းရဲ့ အရည်အသွေးက တနှစ်ထက် တနှစ် ပိုတိုးတက်လာမှာပါ။ ဒီနေ့ပွဲမှာ အသင်းရဲ့ ကစားပုံ အတွက် စိတ်မပျက်မိပါဘူး။ ကျွန်တော်တို့ ကစားသမားတွေက ပွဲစကနေ ပွဲဆုံး အထိ မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ ကစားသွားခဲ့တာပါ။ ကျွန်တော်က ဒီလိုမျိုး ဖြစ်လာမယ် ဆိုတာကို ကြိုသိနေခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။