နာပိုလီအသင်းနည်းပြ အန်တိုနီယို ကွန်တီက မန်ချက်စတာ ယူနိုက်တက်မှာ အများအားဖြင့် အရန်ကစားသမားအဖြစ်သာ ရှိခဲ့ပြီး ခြေစွမ်းမမှန်ခဲ့တဲ့ စကော့ မက် တွမ်မီနေးဟာ နာပိုလီအသင်းနဲ့အတူ ဘာကြောင့် ဒီလောက်တောင် ခြေစွမ်းပြ ကစားနေသလဲဆိုတဲ့ အကြောင်းရင်းကို ရှင်းပြလိုက်ပါတယ်။

တွမ်မီနေးဟာ အိုးထရက်ဖို့ဒ်မှာ နှစ်ပေါင်းများစွာ ခြေစွမ်းအတက်အကျ မတည်ငြိမ်မှုတွေနဲ့ ပွဲထွက်ခွင့် အကန့်အသတ်နဲ့သာ ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီက ပေါင်(၂၅)သန်းနဲ့ နာပိုလီမြို့ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီတလီကို ရောက်ရှိလာပြီးနောက်ပိုင်း နည်းပြ ကွန်တီက တွမ်မီနေးကို တိကျသေချာတဲ့ ကစားကွက်နေရာတစ်ခုမှာ ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့ရာကနေ အသက်(၂၈)နှစ်အရွယ် ကွင်းလယ်ကစားသမားရဲ့ ခြေစွမ်းကို အဆင့်သစ်တစ်ခုဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Calciomercato

အသင်းရဲ့ ကြယ်ပွင့် ခဗီချာ ကဗာရက်စ်ခီလီယာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီးနောက် နာပိုလီအသင်းဟာ တိုက်စစ်ပိုင်း ဖန်တီးမှု လစ်ဟာသွားတဲ့နေရာကို ဖြည့်ဆည်းပေးနိုင်မယ့် ကစားသမားတစ်ဦးကို အသည်းအသန် လိုအပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တွမ်မီနေးက အသင်းရဲ့ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ စကော့တလန် လက်ရွေးစင် ကစားသမားဟာ နောက်ဆုံး ကစားခဲ့တဲ့ (၃)ပွဲမှာ (၅)ဂိုးအထိ သွင်းယူထားပြီး ဒီရာသီ စီးရီးအေမှာ စုစုပေါင်း (၁၁)ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့ လက်ချီအသင်းနဲ့ ပွဲစဉ်မတိုင်မီ ကွန်တီက တွမ်မီနေးရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းတွေဟာ နာပိုလီအတွက် ဒီရာသီ အမှတ်ပေးဖလား စိန်ခေါ်မှုမှာ ဘယ်လောက်တောင် အဓိကကျတဲ့ အစိတ်အပိုင်း ဖြစ်နေသလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ “ကျွန်တော်ထင်တာကတော့ တွမ်မီနေးဟာ ယူနိုက်တက်ကနေ ရောက်လာတုန်းကထက် ဒီနေ့ ပိုပြီး တောင့်တင်းခိုင်မာလာပါတယ်။ ဒီကိုရောက်မှ သူ အများကြီး တိုးတက်ပြောင်းလဲလာတယ်။ သူကိုယ်တိုင်လည်း ပိုပြီး သန်မာလာတယ်။ ကစားပွဲအပေါ် အသိပညာ ပိုကြွယ်ဝလာတယ်လို့ ခံစားမိမှာပါ။ သူ့ရဲ့ ကစားသမားဘဝမှာ ဘယ်လမ်းကြောင်းကို ဆက်သွားရမလဲဆိုတာ နားလည်နိုင်ဖို့ အရေးကြီးတဲ့ အသက်အရွယ်တစ်ခုကိုလည်း သူ ရောက်ရှိနေပါပြီ။ ဘာလို့လဲဆိုတော့ အရင်က သူဟာ အလယ်အလတ် အဆင့်အတန်းမှာပဲ ရှိနေခဲ့တယ်။”

Photo Credit : Football Italia

“ယူနိုက်တက်မှာ ဘယ်တုန်းကမှ အဓိကကျတဲ့ အခန်းကဏ္ဍမျိုး မရခဲ့ဘူး။ အဲ့ဒီ အဓိက အခန်းကဏ္ဍကို ကျွန်တော်တို့က ဒီမှာ သူ့ကို ပေးအပ်ခဲ့တယ်။ ကြိုးစားအားထုတ်မှုတွေနဲ့အတူ သူဟာ အများကြီး တိုးတက်လာခဲ့ပြီး ဒီနေ့မှာတော့ သူဟာ ပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမဲ့ သူ တိုးတက်လာသလိုပဲ အသင်းသားတိုင်းလည်း တိုးတက်လာခဲ့ပါတယ်။ အဲ့လိုမှ မဟုတ်ရင် ကျွန်တော်တို့ ဒီနေ့ ဘာကြောင့် (၇၄)မှတ် ရရှိနေသလဲဆိုတာကို ရှင်းပြဖို့ ခက်ခဲသွားပါလိမ့်မယ်။” လို့ ကွန်တီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တွမ်မီနေး ယူနိုက်တက်က နောက်ဆုံး နှစ်ရာသီကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ ဒီကစားသမားကို ရောင်းချခဲ့တဲ့အပေါ် သဘောမတူခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒတ်ချ်လူမျိုး နည်းပြကြီးက တွမ်မီနေး လက်လွှတ်လိုက်ရတဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (PSR) ကို ချိုးဖောက်မိမှာ စိုးရိမ်တဲ့အတွက် မဖြစ်မနေ ရောင်းချခဲ့ရခြင်း ဖြစ်တယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။