ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်စီကာအိုက သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ အာဆင်နယ်ကို အဝေးကွင်းမှာ အနိုင်ယူပြမယ်လို့ ပွဲကြို အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

ကွန်စီကာအို ဦးဆောင်နေတဲ့ ပေါ်တိုနဲ့ အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်တို့က ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြတာ ဖြစ်ပြီး ပထမအကျော့ အဖြစ် ပေါ်တိုရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲစဉ်က ပေါ်တိုဟာ အာဆင်နယ်ကို တောင်ပံကစားသမား ဂါလီနိုရဲ့ နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

Photo Credit: Sky Sports

အိမ်ကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားတာကြောင့် ပေါ်တိုက ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ အာဆင်နယ်ကို အနိမ့်ဆုံး သရေခံကစားနိုင်ရုံနဲ့ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပြီး ရှုံးနိမ့်ထားတဲ့ အာဆင်နယ်ကတော့ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ ဆိုရင် ပေါ်တိုကို ၂ဂိုးပြတ် အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရနေတဲ့ အာဆင်နယ်က ပေါ်တိုကို အနိုင်ယူသွားလိမ့်မယ်လို့ တညီတညွတ်ထဲ ခန့်မှန်းထားကြသလို အာဆင်နယ်က ပေါ်တိုကို ဘယ်နှဂိုးနဲ့ အနိုင်ယူသွားမလဲ ဆိုတာကိုသာ စောင့်ကြည့်ရမယ်လို့ ပြောထားကြပါတယ်။

Photo Credit: Metro

ဘောလုံးပရိသတ်တွေနဲ့ ဘောလုံးရေးရာ သုံးသပ်သူတွေက အင်္ဂလန်မြေမှာ အာဆင်နယ်သာ အနိုင်ရရှိလိမ့်မယ်လို့ တွက်ဆထားကြပေမယ့် ပေါ်တိုနည်းပြချုပ် ကွန်စီကာအိုကတော့ သူတို့အသင်းဟာ အာဆင်နယ်ကို ယှဉ်ကစားဖို့ မကြောက်သလို အဝေးကွင်းမှာ အနိုင်ရလဒ် ရရှိအောင် ကစားသွားမယ်လို့ ပွဲကြိုအင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ကွန်စီကာအိုက – “ဒီပွဲက ကျွန်တော်တို့အတွက် အရမ်းကို ခက်မယ့် ပွဲမျိုးပါ။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဒုတိယမြောက် တန်ကြေးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ကတော့ လာဇီယို မရှိတော့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တန်ကြေးအနည်းဆုံး အသင်း ဖြစ်နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က ၁၆သင်း ရှုံးထွက်အဆင့်မှာ ကျန်နေတဲ့ အသင်းအားလုံးနဲ့ နည်းစနစ်ချင်း ယှဉ်ပြိုင်ပြီး ကစားနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ ရလဒ်ကောင်းချင်ရင် ကိုယ်ဘာလုပ်နိုင်လဲ ဆိုတာ ကောင်းကောင်း သိရမယ်။ ပြီးတော့ အမြဲတမ်း ဖိအားပေး ကစားတတ်တဲ့ အာဆင်နယ်ရဲ့ ကစားသမားတွေ ဘာလုပ်နိုင်လဲ ဆိုတာကို နားလည်နိုင်ဖို့ လိုပါမယ်။ အာဆင်နယ်က ကောင်းကောင်း လေ့ကျင့်ထားသလို ပြီးပြည့်စုံတဲ့ အသင်းပါ။ သူတို့ရဲ့ ကစားသမား တယောက်ချင်းစီကလည်း အရမ်း ကောင်းကြပါတယ်။ ကျွန်တော်တို့က သူတို့ကို လေးစားပါတယ်။ ဒါပေမယ့် မကြောက်ပါဘူး။ ကျွန်တော်တို့က အကြောက်တရားကင်းကင်းနဲ့ ကစားပြီး နိုင်ပွဲ ရယူဖို့ အတွက် အင်္ဂလန်မြေဆီ ရောက်လာတာပါ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။