ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ကင်စလေ ကိုးမန်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အော့စ်ဘက် ၂-၃ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ အသင်းအတွက် ဝင်ရောက် ကစားပေးရင်း ဘယ်ဒူးအရွတ် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ကင်စလေ ကိုးမန်းက ဘိုင်ယန်မြူးနစ်ရဲ့ အားကိုးရတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

Photo Credit: Bild

ကင်စလေ ကိုးမန်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အော့စ်ဘက်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်မှာလည်း ဟယ်ရီကိန်း ၊ ဆာနေး ၊ မူစီအာလာ စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ သူက ပွဲချိန် မိနစ် ၂၀ကျော်မှာ ဘယ်ဒူးအရွတ် ပြတ်တောက်ဒဏ်ရာကို ရရှိသွားခဲ့ပါတယ်။

ကိုးမန်းက ပြင်းထန်တဲ့ ဘယ်ဒူးအရွတ် ပြတ်တောက်ဒဏ်ရာကို ရရှိခဲ့တာကြောင့် အသင်းဖော် မာသီတဲလ်နဲ့ ချက်ချင်း လူစားလဲခဲ့ရသလို ဘိုင်ယန်မြူးနစ်ရဲ့ ဆေးအဖွဲ့ဝင်တွေကလည်း ကိုးမန်းရဲ့ ဒဏ်ရာကို အတတ်နိုင်ဆုံး ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့ကြပါတယ်။

Photo Credit: Bild

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ကိုးမန်းဟာ Medial Ligament လို့ ခေါ်တဲ့ ဒူးအပြင်ရွတ် ပြတ်တောက်ဒဏ်ရာကို ရရှိသွားခဲ့တာ ဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့် ကိုးမန်းဟာ လနဲ့ချီအောင် နားရတော့မယ်လို့ သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ တူဟယ်လ်ကလည်း ကိုးမန်းရဲ့ ဒဏ်ရာဟာ ပြင်းထန်တဲ့ဒဏ်ရာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ တူဟယ်လ်က – “ကိုးမန်းရဲ့ ဒဏ်ရာဟာ ပြင်းထန်ပုံ ရပါတယ်။ ကျွန်တော်တို့က ဒဏ်ရာရဲ့ စစ်ဆေးမှုရလဒ်တွေကို စောင့်ပြီးမှပဲ ဒဏ်ရာအကြောင်းကို ပိုသိမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။