ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့မှာ ကစားခဲ့ဖူးတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမားဟောင်း ဂျိုကိုးလ်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လူငယ် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ကစားသမားဘဝမှာ သွင်းဂိုးပေါင်း ၁၀၀၀ အထိ သွင်းကာ ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီ အစကမှ ဒေါ့မွန် ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားပါတယ်။

Photo Credit: Football Transfer

အာလင်း ဟာလန်းဟာ ဆယ်ကျော်သက် အရွယ်ထဲက ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ ကျော်ကြားလာသူ ဖြစ်ပြီး သူက အသင်းဟောင်းတွေ ဖြစ်တဲ့ ဆဲလ်ဘက်နဲ့ ဒေါ့မွန်တို့ အတွက် ၁၁၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃၀ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းက နိုင်ငံအသင်း ဖြစ်တဲ့ နော်ဝေအတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၁ဂိုး အထိ သွင်းယူပေးထားပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ သွင်းဂိုးဟာ စုစုပေါင်း ၁၈၁ဂိုး အထိ ရှိနေပါတယ်။

ဟာလန်းက အသက် ၂၂နှစ် အရွယ်သာ ရှိသေးတာကြောင့် လက်ရှိ ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားတွေ ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို (၈၃၄ဂိုး) ၊ ဘီကန် (၈၀၅ဂိုး)နဲ့ လီယွန်နယ် မက်ဆီ (၈၀၄ဂိုး) တို့ကို ကျော်ဖြတ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေဆဲ ဖြစ်ပြီး ဂျိုကိုးလ်ကတော့ ဟာလန်းဟာ ရိုနယ်ဒိုနဲ့ မက်ဆီတို့ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်ထက် ပိုများတဲ့ ဂိုး ၁၀၀၀ပြည့်ကို သွင်းနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Photo Credit: The Sun

ဂျိုကိုးလ်က – “ဟာလန်းနဲ့ ပတ်သတ်ပြီး ကြောက်စရာအကောင်းဆုံး အချက်က သူဟာ တဖြည်းဖြည်းနဲ့ ပိုပို ကောင်းလာတာပါပဲ။ သူက တနေ့ထက် တနေ့ ပိုပြည့်စုံတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်က ရီယိုကိုတောင် (ဖာဒီနန်) ဟာလန်းဟာ ဂိုး ၁၀၀၀ ပြည့်အောင် သွင်းလိမ့်မယ်လို့ ပြောခဲ့ပါသေးတယ်။ ရီယိုကတော့ ကျွန်တော့်ရဲ့ စကားကို ရယ်ခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့တွေ သူ့ရဲ့ ဂိုးသွင်းနှုန်းကို ကြည့်လိုက်ပါ။ တကယ်လို့ သူသာ ဒဏ်ရာ ကြီးကြီးမားမား မရပဲ အသက် ၃၅နှစ်လောက် အထိ ကစားမယ် ဆိုရင် သူက ဂိုး ၁၀၀၀ ပြည့်အောင် သွင်းနိုင်ပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

အကယ်၍ ဟာလန်းက ဂျိုကိုးလ် ပြောခဲ့သလို အသက် ၃၅နှစ်မှာ ဂိုး ၁၀၀၀ပြည့်အောင် သွင်းဖို့ ဆိုရင် သူဟာ လက်ကျန် ၁၃နှစ်မှာ တရာသီကို သွင်းဂိုး ၆၃ဂိုး အထိ သွင်းယူနိုင်ရပါမယ်။