ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုးလ် ပါလ်မာက တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားလိုက်ပါတယ်။

ပီအက်စ်ဂျီဟာ ဗိုလ်လုပွဲတက်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက်မှာ အင်တာ မိုင်ယာမီ၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ် မက်ဒရစ်တို့ကို အနိုင်ယူခဲ့ပြီး အဆိုပါ(၃)ပွဲပေါင်းမှာ ပြိုင်ဘက်ကို တစ်ဂိုးမှ ဂိုးမပေးရဘဲ စုစုပေါင်း ဂိုးရလဒ် ၁၀-၀ အထိ ရရှိထားတာကြောင့် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ချယ်လ်ဆီးရဲ့ ဗိုလ်လုပွဲခရီးလမ်းကတော့ ဘင်ဖီကာ၊ ပါလ်မီးရပ်စ်နဲ့ ဖလူမီနန်ဆီတို့ကို အနိုင်ယူခဲ့ရတာကြောင့် ပီအက်စ်ဂျီနဲ့ယှဉ်ရင် အနည်းငယ် ပိုမိုလွယ်ကူခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

Photo Credit : SuperSports

ပါလ်မာဟာ DAZN သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ပီအက်စ်ဂျီအသင်း ရီးရဲလ် မက်ဒရစ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ကြောင်းနဲ့ ပီအက်စ်ဂျီဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်နိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ သူ့အသင်းဖော်တွေဟာ ယုံကြည်မှုအပြည့်ရှိပြီး ပီအက်စ်ဂျီကို ရင်ဆိုင်ဖို့ အစီအစဉ်တစ်ခု ရှိတယ်လို့လည်း ပါလ်မာက ဆိုပါတယ်။

“ကျွန်တော်တို့ ယုံကြည်မှုအပြည့်ရှိနေတာကတော့ သိသာပါတယ်။ ဒါက ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမယ်ဆိုတာ သိပေမဲ့ ဒါက ဗိုလ်လုပွဲပဲလေ။ ကျွန်တော်တို့ စိတ်လှုပ်ရှားနေတယ်။ အားလုံးက အဆင်သင့်ဖြစ်နေပါပြီ။ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ကစားချင်ကြတာပဲလေ။ သူတို့ကလည်း ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပြီး အဆင်သင့်ပါပဲ။”

Photo Credit : France24

“သူတို့က အရာရာတိုင်းကို ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ ပွဲတွေကို ကြည့်ရှုလေ့လာထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အစီအစဉ်တစ်ခု ရှိပြီး အဲဒီအစီအစဉ်အတိုင်း အကောင်းဆုံး ကြိုးစားကစားသွားမှာပါ။” လို့ ပါလ်မာက ဗိုလ်လုပွဲမတိုင်ခင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ကစားကွက်ဖန်တီးရှင်နဲ့ အသင်းရဲ့ အဓိက အားထားရသူဖြစ်တဲ့ ပါလ်မာအနေနဲ့ သူရဲ့ ချဲလ်ဆီးအသင်းနဲ့အတူ နယူးဂျာစီမှာ ကြီးမားတဲ့ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ လိုအပ်နေပါတယ်။