ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ကတော့ ဒီကနေ့ မနက်အစောပိုင်း (၅)နာရီခွဲအချိန်မှာပဲ တရားဝင် ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီဈေးကွက်ထဲမှာတော့ အငှားအပြောင်းအရွှေ့တွေ အမြောက်အများ ဖြစ်ပေါ်ခဲ့သလို အပြီးသတ် အပြောင်းအရွှေ့တွေလည်း ဖြစ်ပေါ်ခဲ့ရာ ဒီထဲကမှ စိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအရွှေ့တွေကို လုပ်ဆောင်ခဲ့တဲ့ ကလပ်အသင်းများအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။
မန်စီးတီး
ဒီရာသီထဲမှာ မထင်ထားလောက်အောင် ရလဒ်ပိုင်းတွေ ဆိုးရွှားလာခဲ့ရတဲ့ မန်စီးတီးက ဆောင်းဈေးကွက်အတွင်းမှာပဲ ကစားသမားသစ် (၄)ဦးအထိ ခေါ်ယူဖြည့်တင်းခဲ့ပါတယ်။ တိုက်စစ်မှူး အိုမာ မာမွတ်ရှ်၊ ကွင်းလယ်လူ နီကိုး ဂွန်ဇာလက်ဇ်၊ နောက်ခံလူ ခူဆာနော့ဗ်နဲ့ ခံစစ်ကစားသမားလေး ဗစ်တာ ရီးစ်တို့ကို ခေါ်ယူခဲ့ပြီး ဒီဖြည့်တင်းမှုက မန်စီးတီးအတွက် အားရစရာကောင်းခဲ့သလို ကစားသမား(၄)ဦးအတွက်လည်း ပြောင်းရွှေ့ကြေး ယူရို(၂၁၂)သန်းအထိတောင် အသုံးပြုခဲ့ပါတယ်။ ဒီထဲကမှ ဖရန့်ဖတ်ကနေ မန်စီးတီးဆီ ရောက်လာတဲ့ မာမွတ်ရှ်က စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်နေပါလိမ့်မယ်။
အက်စတွန် ဗီလာ
ဗီလာကတော့ ဒီဈေးကွက်ထဲမှာ ကစားသမား အဝင်အထွက်တွေ ခပ်ကြမ်းကြမ်း လုပ်ဆောင်ခဲ့ပါတယ်။ မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ မားကို့ အဆန်စီယိုတို့လို နာမည်ကြီး ကစားသမားတွေကို ခေါ်ယူခဲ့သလို တောင်ပံကစားသမား မာလန်း၊ ညာနောက်ခံလူ အန်ဒရီယပ်စ် ဂါဆီယာနဲ့ နောက်ခံလူ ဒီဆာဒီတို့ကိုပါ ခေါ်ယူခဲ့ပါတယ်။ အသင်းကနေတော့ ဖီလိုဂျင်း၊ ဒီယေဂို ကားလို့စ်၊ ဂျွန်ဒူရန်နဲ့ ဘွမ်ဒီယာတို့ကို လက်လွတ်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း (၁၆)သင်းအဆင့်ထိတောင် တက်လှမ်းထားတဲ့ ဗီလာရဲ့ ကစားသမား ဖြည့်တင်းထားမှုနဲ့ လက်ကျန်ရာသီဝက် အခြေအနေတွေက တကယ်ကို စောင့်ကြည့်ချင်စရာကောင်းပါတယ်။
အေစီမီလန်
မီလန်လည်း ဒီဆောင်းဈေးကွက်မှာ ကစားသမား ဝယ်ယူမှုရော ရောင်းချမှုပါ ခပ်သွက်သွက် လုပ်ခဲ့ပါသေးတယ်။ တိုက်စစ်ပိုင်းအတွက် တိုက်စစ်မှူး ဆန်တီယာဂို ယီမီနက်ဇ်နဲ့ တောင်ပံကစားသမား ဆော့တဲလ်တို့ကို ခေါ်ယူခဲ့သလို ဂျာအို ဖီးလစ်ကိုလည်း ချယ်လ်ဆီးကနေ အငှားခေါ်ခဲ့ပေမယ့် မီလန်ဘက်က တရားဝင်တော့ မထုတ်ပြန်သေးဘဲ ရှိနေပါတယ်။ ဒါ့အပြင် ဝါရင့် ညာနောက်ခံလူ ဝေါ်လ်ကာနဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ဘွန်ဒိုကိုလည်း ခေါ်ယူခဲ့ပါသေးတယ်။ အသင်းကနေတော့ မိုရာတာ ဘန်နက်ဆာနဲ့ အိုကာဖောတို့ကို လက်လွတ်ခဲ့ပါတယ်။ ဒီလို ဖြည့်တင်းမှုတွေက မီလန်အတွက် ဘယ်လောက်အထိ အထောက်အကူပြုနိုင်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။