မန်ချက်စတာ စီးတီး ကစားသမားသစ် ရေယန် ချာကီ ဟာ အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ကီဗင် ဒီဘရိုင်းရဲ့ ခြေစွမ်းနဲ့ ဂိုးသွင်း/ဖန်တီးမှု စာရင်းဇယားတွေကို မှီနိုင်တဲ့ အရည်အချင်းရှိသူဖြစ်ကြောင်း မန်စီးတီးနောက်ခံလူဟောင်း ဂါအယ်လ် ကလစ်ချီက ချီးကျူးပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအဆင့်ကိုရောက်ဖို့အတွက် သူပြုပြင်ရမယ့် အကြီးမားဆုံး အားနည်းချက်တစ်ခုကိုလည်း ကလစ်ချီက ထောက်ပြသွားခဲ့ပါတယ်။
ကလစ်ချီဟာ ပြင်သစ် ယူ-၂၁ အသင်းမှာ ချာကီရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး အခုအခါမှာတော့ ပက်ပ် ဂွာဒီယိုလာရဲ့အသင်းအတွက် ချာကီက ဘယ်လောက်တောင် အရေးပါလာနိုင်ကြောင်း သုံးသပ်ခဲ့တာပါ။ နွေရာသီက လိုင်ယွန်အသင်းကနေ ပေါင် သန်း(၃၀)နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ချာကီဟာ ဝုလ်ဗ်နဲ့ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ စပါးနဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး နှစ်လကြာ အနားယူခဲ့ရပါတယ်။
Photo Credit : Soccer World News HQ
GOAL သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ကလစ်ချီက “ကစားသမားရဲ့ အရည်အသွေးကို ပြောရရင် ဒီလောက်ကောင်းတဲ့သူမျိုး ကျွန်တော်မမြင်ဖူးဘူး။ ဒါက ပြောထွက်ဖို့ခက်တဲ့ စကားတစ်ခွန်းပါ။ ဒါပေမဲ့ သူသာ ဘောလုံးမရှိချိန်ကစားပုံကို အဆင့်တစ်ခုအထိ မြှင့်တင်နိုင်ခဲ့ရင် ကီဗင် ဒီဘရိုင်းရဲ့ စာရင်းဇယားတွေကို မှီနိုင်တဲ့ ကစားသမားတစ်ယောက်အကြောင်း ကျွန်တော်တို့ ပြောနေရမှာပါ။ ကျဉ်းမြောင်းတဲ့ နေရာတွေ ကွင်းရဲ့ အရေးပါတဲ့ နေရာတွေမှာ သူက အန္တရာယ်ပေးနိုင်တယ်။ ခံစစ် (၅)ယောက်တန်းနဲ့ နက်နက်ရှိုင်းရှိုင်း ခံစစ်ကစားတဲ့ အသင်းတွေနဲ့တွေ့တဲ့အခါ ဒီလိုကစားသမားမျိုးက စီးတီးအတွက် လိုအပ်ပါတယ်။” လို့ ဆိုပါတယ်။
ချီးကျူးစကားတွေ ပြောကြားခဲ့သလိုပဲ ကလစ်ချီက ချာကီရဲ့ ပြုပြင်ရမယ့် အားနည်းချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။”သူ သက်သေပြရမှာက ဘောလုံးမရှိချိန် ပြိုင်ဘက်ဆီ ဘောလုံးရောက်နေချိန်မှာ သူဘယ်လောက် ကစားနိုင်မလဲဆိုတာပါပဲ။ ဒါက သူ့ရဲ့ ပြဿနာမှန်း ကျွန်တော်တို့ သိပါတယ်။ ပြင်သစ်အသင်းမှာ ရှိစဉ်ကတည်းက ဒါက သူ့ရဲ့ အားနည်းချက်ပဲ။ အခု ပက်ပ်သာ သူ့ရဲ့ ဘောလုံးမရှိချိန် ကစားပုံကို အဆင့်မြှင့်ပေးနိုင်ခဲ့ရင် စီးတီးအတွက် ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ” လို့ ကလစ်ချီက ရှင်းပြခဲ့ပါတယ်။
Photo Credit : BBC
မန်စီးတီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဖွင့်ပွဲ (၃)ပွဲကစား (၂)ပွဲဆက်တိုက် ရှုံးထားပြီး (၃)မှတ်သာ ရရှိထားကာ ရာသီအဖွင့်မှာ ရုန်းကန်နေရပါတယ်။ ကလစ်ချီကတော့ ပက်ပ်အနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“စီးတီးက အမြဲတမ်း ဒီလိုအခက်အခဲမျိုး ကြုံရလေ့ရှိတယ်။ တန်ပြန်တိုက်စစ်ကနေ ဂိုးပေးရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိတာက စိုးရိမ်စရာပါ။ ဒါပေမဲ့ ပက်ပ်က နိုင်ငံတကာပွဲစဉ်တွေ အားလပ်ရက်အတွင်းမှာ ဒီအကြောင်းကို စဉ်းစားဖို့ အချိန်အလုံအလောက်ရခဲ့မှာပါ။ လာမယ့် တနင်္ဂနွေနေ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဒါဘီပွဲစဉ်မှာ ပိုတိုးတက်လာတဲ့ စီးတီးကို မြင်ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ သူက သုံးသပ်ခဲ့ပါတယ်။