ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် ရံဖန်ရံခါ လုပ်ကိုင်နေတဲ့ ကလက်တန်ဘက်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၁-၁ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ လီဗာပူးဟာ ပွဲရဲ့ နောက်ဆုံးမိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒိုကူနဲ့ အယ်လစ္စတာတို့ရဲ့ ဖြစ်ရပ်ကနေ ပင်နယ်တီ ရခဲ့သင့်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးနဲ့ ပပ် ဂွာဒီယိုလာတို့ရဲ့ မန်ချက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းတွေ ဖြစ်ကြပြီး ယမန်နေ့ညမှာ လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့က လီဗာပူးရဲ့အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ နှစ်သင်းစလုံးက ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ အသင်းတွေ ဖြစ်တာကြောင့် အဆိုပါပွဲမှာ နိုင်ပွဲ ရအောင် အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပြီး မန်ချက်စတာ စီးတီးက ပွဲအစမှာတင် နောက်ခံလူ ဂျွန်စတုန်းရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အိမ်ရှင် လီဗာပူးက တရစပ် တိုက်စစ်ဆင် ကစားကာ ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ပထမပိုင်း ပြီးဆုံးချိန် အထိ ချေပဂိုး ပြန်မရခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာ လီဗာပူးက ကစားကွက် အပြောင်းအလဲ တချို့ လုပ်ဆောင်ကာ တရစပ် တိုက်စစ်ဆင်လာခဲ့ပြီး ပွဲချိန် ၄၈မိနစ် ဝန်းကျင်မှာ မန်ချက်စတာ စီးတီး ဂိုးသမား အီဒါဆန်နဲ့ နောက်ခံလူ နသန် အကီတို့ နားလည်မှုလွဲရာ ကနေ လီဗာပူး တိုက်စစ်မှူး ဒါဝင် နူနက်ဇ် တယောက် ဘောလုံး ရရှိသွားခဲ့ကာ အီဒါဆန်က နူနက်ဇ်ကို လိုက်လံ ဖျက်ထုတ်ရင်း ပင်နယ်တီ ပေးခဲ့ရပါတယ်။

အဆိုပါပင်နယ်တီကို လီဗာပူး ကွင်းလယ်လူ အယ်လစ္စတာက အမှားအယွင်း မရှိ ကန်သွင်းကာ လီဗာပူးအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် နှစ်သင်းစလုံးက အပြန်အလှန် တိုက်စစ်ဆင်ခဲ့ပေမယ့် နောက်ထပ် သွင်းဂိုးတွေ ထပ်မရခဲ့သလို ပွဲချိန် နောက်ဆုံးမိနစ်မှာ မန်ချက်စတာ စီးတီး တောင်ပံတိုက်စစ် ကစားသမား ဒိုကူက ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးစားရင်း ဂိုးဧရိယာထဲမှာ လီဗာပူး ကွင်းလယ်လူ အယ်လစ္စတာကို ကန်မိခဲ့ပေမယ့် ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာနဲ့ VARအဖွဲ့က လီဗာပူးကို ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit: Mirror

ဒိုကူက ထောင့်ကန်ဘော ကနေ ပြန်ကျလာတဲ့ ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးစားရင်း အယ်လစ္စတာရဲ့ ရင်ဘတ်ကို ကန်မိခဲ့တာ ဖြစ်ပြီး ဒိုကူဟာ ဘောလုံးကို အရင်ဆုံး ထိခဲ့ပေမယ့် သူ့ရဲ့ခြေထောက်က သတ်မှတ်ထားတဲ့ အမြင့်ပမာဏထက် ပိုမြောက်နေခဲ့တာကြောင့် ပင်နယ်တီ ပေးလို့ ရတဲ့ အနေအထားပါ။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ဒိုင်လူကြီးဟောင်း တဦး ဖြစ်သူ ကလက်တန်ဘက်ကလည်း ဒိုကူနဲ့ အယ်လစ္စတာတို့ရဲ့ ဖြစ်ရပ်မှာ လီဗာပူးဟာ ပင်နယ်တီ ရခဲ့သင့်တယ်လို့ ဆိုလာပါတယ်။ ကလက်တန်ဘက်က – “လီဗာပူးက နောက်ဆုံးမိနစ်ဖြစ်ရပ် အတွက် ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ပရီးမီးယားလိဂ်မှာ အဲ့ဒီလို ပြဿနာတွေ အမြဲတမ်း ရှိနေပါတယ်။ ဒိုင်လူကြီးတွေက အမှားတွေ အများကြီး ကျူးလွန်ကြသလို VARအဖွဲ့ကလည်း အဲ့ဒီဒိုင်လူကြီးတွေကို မကူညီနိုင်ကြပါဘူး။ ဘောလုံးက မြေပြင်ကို ထောက်ပြီး ပြန်မြောက်လာတာပါ။ အဲ့ဒီအချိန်မှာ အယ်လစ္စတာက အရှေ့ကို တိုးလာပြီး ဘောလုံးယူဖို့ လုပ်တယ်။ ဒိုကူရဲ့ ခြေထောက်က အမြင့်ကြီးမှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ သူက အယ်လစ္စတာရဲ့ ရင်ဘတ်ကို ကန်မိခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်က ပင်နယ်တီ ဧရိယာထဲမှာ ဖြစ်ခဲ့တာ ဟုတ် ၊ မဟုတ်တော့ ဆန်းစစ်ရပါဦးမယ်။ တကယ်လို့ ဧရိယာအပြင်မှာ ဖြစ်ခဲ့ရင် ပြစ်ဒဏ်ဘော ပေးရမှာပါ။ ဒိုကူရဲ့ လုပ်ရပ်က ဘယ်အချိန်မှာမဆို ပြစ်ဒဏ်ဘော ပေးရမယ့် လုပ်ရပ်ပါ” လို့ သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။