ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးက လာမယ့် ဆောင်းဈေးကွက်မှာ သူတို့ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်ကို အသင်းပြောင်းခွင့် ပေးပြီးရင် ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကင်းမစ်ချ်ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမဏီအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ၃လုံးစလုံး တပြိုင်ထဲ ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဝါရင့် ကွင်းလယ်လူ ဂန်ဒိုဂန် ထွက်ခွာမှု ၊ အဓိက ကွင်းလယ်လူ ဒီဘရိုင်း ကာလရှည် ဒဏ်ရာရမှုတို့ကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Mirror

အထူးသဖြင့် ပြိုင်ဘက်ရဲ့ ကွင်းလယ်ကို ထိန်းချုပ် ကစားတတ်တဲ့ မန်ချက်စတာ စီးတီးဟာ ဒီရာသီမှာတော့ ပြိုင်ဘက်တွေရဲ့ ကွင်းလယ်ကို ထိန်းချုပ် ကစားနိုင်စွမ်း နည်းပါးနေပြီး ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိနေတာကြောင့်ပဲ မန်ချက်စတာ စီးတီးဟာ ယခင်လို ဂိုးပြတ်နိုင်ပွဲတွေ မရတော့သလို ပြိုင်ဘက်ရဲ့ တိုက်စစ်ကိုလည်း ထိန်းချုပ်နိုင်စွမ်း နည်းပါးလာပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းအတွက် အားကိုးရမယ့် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စတင် စဉ်းစားနေပြီး ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကင်းမစ်ချ်ဟာ မန်ချက်စတာ စီးတီးရဲ့ ကာလရှည် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး ဂျာမန်သတင်းဌာန တခု ဖြစ်တဲ့ Bildရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကင်းမစ်ချ်ကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းချဖို့ စတင် စဉ်းစားနေသလို မန်ချက်စတာ စီးတီးကလည်း ဘိုင်ယန်မြူးနစ်ရဲ့ ပြောင်းလဲလာတဲ့ သဘောထားကို အခွင့်ကောင်း ယူကာ ကင်းမစ်ချ်ကို ခေါ်ယူဖို့ ကြံရွယ်နေကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကင်းမစ်ချ်က ဗဟိုကွင်းလယ် ၊ ကွင်းလယ်ခံစစ်နဲ့ ညာနောက်ခံ နေရာတွေမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာနဲ့ ကင်းမစ်ချ် ကြားထဲမှာ ရင်းနှီးတဲ့ ဆရာတပည့် ဆက်ဆံရေး ရှိတာကြောင့် ကင်းမစ်ချ်သာ အသင်းပြောင်းဖြစ်ခဲ့ရင် မန်ချက်စတာ စီးတီးဟာ သူ့ရဲ့ အသင်းသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။