မန်ချက်စတာ စီးတီးအသင်းက ဝါရင့် ညာနောက်ခံ ကစားသမားကြီး ကိုင် ဝေါ့ကာရဲ့နေရာမှာ ရေရှည် အစားထိုးသွားဖို့အတွက် ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပတ်ဒရို ပေါ်ရိုကို အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားချင်နေပါတယ်။

မန်စီးတီးရဲ့ အဓိက ညာနောက်ခံလူ ဝေါ့လ်ကာက လက်ရှိမှာ အသက် (၃၃)နှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး အမြင့်မားဆုံးသော စွမ်းဆောင်ရည်တွေ ပြသလျက် ရှိနေတယ် ဆိုပေမယ့်လည်း သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားကိုတော့ ကြိုတင် ရှာဖွေထားဖို့ လိုအပ်လာခဲ့ပါတယ်။

Photo Credit : Football London

ဒီအတွက်လည်း မန်စီးတီးက သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ ပေါ်ရိုကို အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေပါတယ်။ စပိန် ညာခြမ်းခံစစ် ကစားသမား ပေါ်ရိုက လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ ဂျီရိုနာကနေ မန်စီးတီးအသင်းဆီကို ပေါင် (၁၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပေါ်ရိုဟာ မန်စီးတီးအသင်းမှာ လုံးဝ ပွဲကစားခွင့် မရရှိခဲ့ပဲ ဗယ်လာဒိုးလစ် နဲ့ စပို့တင်း လစ္စဘွန်းအသင်းတွေဆီ အငှားသွားရောက် ကစားခဲ့ရရင်း စပို့တင်းအသင်းဆီကိုပါ တစ်ခါတည်း အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီကနေ စပါးအသင်းဆီ ထပ်မံ ရောက်ရှိလာခဲ့ပြီး အခုဆို စပါးရဲ့ အဓိက ကစားသမားပါ ဖြစ်လို့နေပါတယ်။

Photo Credit : Sky Sports

အသက် (၂၄)နှစ်အရွယ် ညာနောက်ခံလူ နဲ့ right wing-back ကစားသမား ပေါ်ရိုဟာ စပါးအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသလျက် ရှိနေတာကြောင့် သူ့ကို အသင်းဟောင်း မန်စီးတီးကပါ စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပြီး ဝေါ့လ်ကာနေရာမှာ အစားထိုးဖို့အတွက်လည်း ချိန်ရွယ်လာခဲ့ပါတယ်။

လက်ရှိ မန်စီးတီးအသင်းရဲ့ ညာခြမ်းခံစစ်မှာ လူငယ် ကစားသမားလေး ရစ်ကို လူးဝစ်လည်း ရှိနေပေမယ့်လည်း ဝေါ့လ်ကာက အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်သွားနိုင်တာကြောင့် သူ့နေရာမှာ တိုက်ရိုက် အစားထိုးနိုင်မယ့် ကစားသမားကိုတော့ မဖြစ်မနေ ခေါ်ယူသွားရဖွယ် ရှိနေပါတယ်။