မန်ချက်စတာ စီးတီးအသင်းဟာ အေစီမီလန်အသင်းရဲ့ ပြင်သစ် ဘယ်နောက်ခံကစားသမား သီယို ဟာနန်ဒက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် (၅၁)သန်းနဲ့ ခေါ်ယူသွားနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီလို့ Manchester Evening News ကနေ သတင်းထုတ်ပြန်ထားပါတယ်။
အသက် (၂၆)နှစ်အရွယ် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ်ဟာ မီလန်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်က တိုက်စစ်ကို လိုက်ပါကစားနိုင်ကြတဲ့ full-backs ကစားသမားတွေထဲ အကောင်းဆုံး ကစားသမားအဖြစ်ပါ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
Photo Credit : Transfermarket
ခံစစ်စွမ်းရည်ပိုင်းသာမကပဲ လျင်မြန် ဖြတ်လတ်မှု ဘောလုံး အလိမ်အခေါက်စွမ်းရည်တွေနဲ့ ဧရိယာအပြင်ဘက်ဘက်ကနေ ဂိုးတွေ မကြာခဏ သွင်းယူနိုင်မှုတွေကြောင့် သူ့ကို ထိပ်သီးကလပ်အသင်းတိုင်းလိုလိုက စိတ်ဝင်စားလာကြပြီး ဒီထဲမှာ ပရီးမီးယားလိဂ်က အသင်းကြီးတွေလည်း ပါဝင်လာခဲ့ပါတယ်။
အခုလည်း ဒီနွေဈေးကွက်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ တောက်လျှောက် ထွက်ပေါ်ခဲ့ရတဲ့ သီယို ဟာနန်ဒက်ဇ်က လက်ရှိမှာတော့ သူနဲ့ သတင်းသိပ်မထွက်ပေါ်ထားတဲ့ မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းထူးကြီးက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မန်စီးတီးဆီ ရောက်ရှိဖို့ပါ နီးစစပ်နေပြီလို့ သိရပါတယ်။
Photo Credit : Goal
မန်စီးတီးအသင်းက ဘယ်ခြမ်းခံစစ်မှာ natural left-back ကစားသမားတွေမဟုတ်တဲ့ နာသန် အကီနဲ့ ဂါဗာဒီယော့တို့ကို အသုံးပြုနေတာဖြစ်ပြီး ကန်ဆယ်လိုကိုတော့ အသင်းကနေ ရောင်းထုတ်တော့မှာ ဖြစ်တာကြောင့် သီယို ဟာနန်ဒက်ဇ်လို ဘယ်နောက်ခံလူစစ်စစ်တစ်ဦးကို အသင်းဆီ အရ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးမှာ အကီ ဂါဗာဒီယော့တို့နဲ့ ဘယ်ခြမ်းခံစစ်နေရာက လုံလောက်မှု ရှိပေမယ့်လည်း ဘယ်နောက်ခံနေရာမှာ အဓိက ကစားနေသူလောက် စိတ်ချရတာမျိုး မရှိသေးတာကြောင့် စီးတီးအနေနဲ့ သီယို ဟာနန်ဒက်ဇ်ကို ပစ်မှတ်ထားလာတာ ဖြစ်နိုင်ပြီး ပြောင်းရွှေ့ကြေး ပေါင် (၅၁)သန်းနဲ့ ခေါ်ယူနိုင်ဖို့လည်း အခြေအနေကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။