ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းဟာ နယူးကာဆယ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဘရူနို ဂွီမာရေ့စ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့အတွက် ကစားသမား အေးဂျင့်ဖြစ်သူများကို ဆက်သွယ်မှုတွေ လုပ်ဆောင်ထားတယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဘင် ဂျက်ကော့စ်က သတင်းဖော်ပြလာခဲ့ပါတယ်။

ဘောလုံးသမားကောင်းတွေ နှစ်သင်းစာလောက် ပိုင်ဆိုင်ထားသလို နှစ်တိုင်းလိုလိုမှာ ကစားသမားအင်အား ဖြည့်တင်းမှုတွေကို အသေအချာ လုပ်ဆောင်တက်တဲ့ မန်စီးတီးအသင်းက အခုလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဂွီမာရေ့စ်ကိုပါ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

Photo Credit : Eurosport

မန်စီးတီးရဲ့ ကွင်းလယ်ပိုင်းမှာ ရိုဒရီ ၊ ကိုဗာဆစ် ၊ ဒီဘရိုင်း ၊ ဘာနာဒို ဆေးလ်ဗား ၊ နူးနက်စ်တို့လို ကစားသမားတွေ ရှိနေပေမယ့်လည်း ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနဲ့ ၂၀၂၃နွေမှ ဝုလ်ဗ်ကနေ ရောက်ရှိလာတဲ့ မာသီးယပ်စ် နူးနက်စ်တို့က လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာကြောင့် ဒီကစားသမားတွေ နေရာအတွက် ဂွီမာရေ့စ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၆)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဂွီမာရေ့စ်က ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်ဗဟို နေရာတွေမှာ ကစားနိုင်သူဖြစ်ပြီး နယူးကာဆယ်အသင်းရဲ့ မရှိမဖြစ် အရေးအပါဆုံး ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Transfermarket

ဒါကြောင့်လည်း နယူးကာဆယ်ဘက်က သူတို့ကစားသမားကို အလွယ်တကူ လက်လွတ်မခံရဖို့အတွက် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင်သန်း(၁၀၀)အထိ သတ်မှတ်လို့ထားပြီး ဒီ release clause ဟာလည်း လာမယ့် ဇွန်လ နောက်ဆုံးပတ်အထိကို သက်ရောက်နေမယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

တကယ်တော့ ဂွီမာရေ့စ်ကို အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့က စိတ်အဝင်စားဆုံး ဖြစ်ခဲ့ပေမယ့်လည်း စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း(၁၀၀) ပမာဏက များပြားလွန်းနေတာကြောင့် ကြိုးပမ်းမှုတွေကို လက်လျှော့ခဲ့ကြတဲ့အတွက် မန်စီးတီးတစ်သင်းတည်းသာ ဆက်လက် ကြိုးပမ်းခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စီးတီးက ဂွီမာရေ့စ်ရဲ့ အေးဂျင့်များနဲ့ ဆက်သွယ်ပြီး သူ့ကို ခေါ်ယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေဆဲ ရှိနေတယ်လို့ သိရပါတယ်။