ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က မကြာသေးမီကမှ ဘိုင်ယန်မြူးနစ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ လူငယ်ကြယ်ပွင့် မူစီအာလာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စောင့်ကြည့်နေကြကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၁နှစ် အရွယ် ဂျာမဏီလက်ရွေးစင် လူငယ်ကြယ်ပွင့် မူစီအာလာက ချယ်လ်ဆီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး သူက ၂၀၁၉ခုနှစ်မှာ ချယ်လ်ဆီးအကယ်ဒမီ ကနေ ဘိုင်ယန်မြူးနစ် လူငယ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၂သိန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Goal

မူစီအာလာက ဘိုင်ယန်မြူးနစ် လူငယ်အသင်းမှာ ၁နှစ်သာ ကစားခဲ့ရပြီး ၂၀၂၀ခုနှစ်မှာ ဘိုင်ယန်မြူးနစ် အသင်းကြီးဆီ ရောက်ရှိခဲ့ကာ သူ့ရဲ့ အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တည်ငြိမ်မှုကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ မူစီအာလာက ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ ပါဝင် ကစားပေးခဲ့ရပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှ စတင်ကာ မူစီအာလာက ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ကစားသမား တဦး ဖြစ်လာခဲ့ပြီး မူစီအာလာက ဘိုင်ယန်မြူးနစ် အတွက် ၅နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၁၅၃ပွဲ ပါဝင် ကစးပေးခဲ့ရာ သွင်းဂိုး ၄၀ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၇ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ မူစီအာလာကို တပတ် လုပ်ခလစာ ယူရို ၁သိန်းခွဲနဲ့ ၅နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် မူစီအာလာက ဘိုင်ယန်မြူးနစ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး လာမယ့် နွေဈေးကွက်မှာ သူ့အတွက် ရောက်လာမယ့် ကမ်းလှမ်းချက်တွေကို ကြည့်ကာ သူ့ရဲ့ အနာဂတ် အတွက် ချင့်ချိန် စဉ်းစားသွားမယ်လို့ သိရှိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း နှစ်သင်း ဖြစ်သလို ဘွန်ဒက်လီဂါပြိုင်ပွဲရဲ ကစားသမားတွေကို မကြာခဏ ခေါ်ယူလေ့ ရှိတဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က မူစီအာလာနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပြီး အကယ်၍ မူစီအာလာကသာ အသင်းပြောင်းဖို့ ဆန္ဒရှိမယ် ဆိုရင် မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ နှစ်သင်းစလုံးက မူစီအာလာ အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။