ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား စတဲ့ ဖလား၃လုံးရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးက ရာသီသစ် အတွက် အားဖြည့်မှု တရပ် အဖြစ် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်ရဲ့ အဓိက ဗဟိုနောက်ခံလူ ဂဗာဒီယိုကို နောက်ခံလူ တဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးနဲ့ ခေါ်ယူနိုင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ခံစစ်ပိုင်းမှာ ဂျွန်စတုန်း ၊ ရူဘင် ဒီယက်ဇ် ၊ လာပေါ့တ် ၊ နသန် အကီ ၊ အကန်ဂျီ စတဲ့ ထိပ်တန်း ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာက အကီကို ဘယ်အစွန် ခံစစ်မှူး အဖြစ် အဓိက အသုံးပြုနေသလို ဂျွန်စတုန်းကိုလည်း ကွင်းလယ်ခံစစ် ကစားသမား အဖြစ် ပုံစံပြောင်းနေပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ ဂွာဒီယိုလာက ယခု နွေဈေးကွက် အတွင်းမှာ ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူကာ အသင်းရဲ့ ဗဟိုခံစစ်ပိုင်းကို အားဖြည့်ဖို့ ဆုံးဖြတ်ခဲ့ပြီး လိုက်ပ်ဇစ်နဲ့ ခရိုအေးရှားတို့ရဲ့ အဓိက ဗဟိုခံစစ်မှူး ဂဗာဒီယိုဟာ မန်ချက်စတာ စီးတီးရဲ့ နံပါတ်၁ ပစ်မှတ်ပဲ ဖြစ်ပါတယ်။

အသက် ၂၁နှစ် အရွယ် ခရိုအေးရှား လက်ရွေးစင် ဗဟိုနောက်ခံလူ ဂဗာဒီယိုဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး ဖြစ်ပြီး သူက နည်းစနစ်ပိုင်း ကျေညက်သလို တွန်းတွန်းတိုက်တိုက် ကစားနိုင်စွမ်း ရှိကာ လိုအပ်ရင် သွင်းဂိုးတွေပါ သွင်းယူနိုင်ပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက လွန်ခဲ့တဲ့ ၁၀ရက် ဝန်းကျင်ထဲက ဂဗာဒီယိုကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ရော ၊ လိုက်ပ်ဇစ်နဲ့ပါ ပဏာမ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး လက်ရှိမှာ မန်ချက်စတာ စီးတီးနဲ့ လိုက်ပ်ဇစ်တို့က ဂဗာဒီယိုရဲ့ ပြောင်းရွှေ့ကြေး အတွက် အသေးစိတ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဒါ့အပြင် မန်ချက်စတာ စီးတီးက ဂဗာဒီယိုကို လာမယ့် သောကြာနေ့မှာ ဆေးစစ်ဖို့ အတွက် စီစဉ်ထားပြီး မန်ချက်စတာ စီးတီးက ဂဗာဒီယိုအတွက် လိုက်ပ်ဇစ်ထံ နောက်ခံလူ တဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၉၀သန်းကျော် ပေးချေရဖို့ ရှိနေကြောင်းလည်း ရိုမာနိုက ဆိုပါတယ်။