ချဲလ်ဆီးအသင်းနဲ့ အမေရိကန် လက်ရွေးစင်အသင်းတို့ရဲ့ တောင်ပံကစားသမား ခရစ္စတီယန်ပူလီဆစ်က အမေရိကန်-အင်္ဂလန်နွယ်ဖွား တိုက်စစ်ကစားသမား ဖလိုရင့်ဘာလိုဂန်ကို လက်ရွေးစင်အသင်း ရွေးချယ်တဲ့အခါမှာ အင်္ဂလန်ထက် အမေရိကန်အသင်းကို ဦးစားပေး ရွေးချယ်စေချင်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit : Football London

အသက်(၂၁)နှစ်အရွယ်ရှိ တိုက်စစ်ကစားသမား ဘာလိုဂန်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းကနေ လီဂူးကလပ် Reims အသင်းမှာ တစ်ရာသီအငှားနဲ့ ပါဝင်ကစားနေပြီး ခြေစွမ်းလည်း ပြသလျက် ရှိနေသလို လီဂူးဂိုး (၁၈)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲံ့တယ်။ ဒီရာသီ ဥရောပ ကစားသမားတွေအနက် ယူ-၂၁ ကစားသမားထဲမှာ ဂိုးသွင်းအများဆုံးသူအဖြစ်ပါ ရပ်တည်နေတဲ့ ဘာလိုဂန်ဟာ မကြာခင်မှာ သူ ကိုယ်စားပြုနိုင်မယ့် လက်ရွေးစင်အသင်းကို ရွေးချယ်တဲ့အခါ လက်ရွေးစင်အသင်း (၃)သင်းကို ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit : Football London

ဘာလိုဂန်ရဲ့့ မိဘနှစ်ပါးက နိုင်ဂျီးရီးယား နိုင်ငံသားတွေဖြစ်ပြီး ဘာလိုဂန်ကိုတော့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ မွေးဖွားခဲ့ကာ အသက် (၂)နှစ်သားအရွယ်မှာပဲ အင်္ဂလန်နိုင်ငံတွင် ပြောင်းရွှေ့နေထိုင် ဖြစ်ခဲ့ပါတယ်။ လန်ဒန်မြို့မှာ ကြီးပြင်းလာခဲ့ရတဲ့ ဘာလိုဂန်ဟာ အာဆင်နယ်အသင်းရဲ့ နာမည်ကျော် Hale End ဘောလုံးအကယ်ဒမီမှာ ဘောလုံးပညာတွေကို လေ့လာခဲ့ရပြီး ၂၀၁၉ခုနှစ်မှာပဲ ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် ၂၀၂၀ခုနှစ်မှာပဲ senior debut ထားနိုင်ခဲ့သူ ဘာလိုဂန်ဟာ ၂၀၂၁-၂၀၂၂ ရာသီမှာ မစ်ဒယ်ဘရော့နဲ့ ၂၀၂၂-၂၀၂၃ အခုရာသီမှာ Reims အသင်းတွေတွင် အငှားနဲ့ ကစားခဲ့ရပြီး Reims အသင်းမှာတော့ သူရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားခဲ့ပါတယ်။

Photo Credit : Football London

ဒီအချိန်မှာ အမေရိကန်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ပူလီဆစ်က သူနဲ့ သူ့အသင်းဖော်တွေက ဘာလိုဂန်ကို သူတို့ရဲ့ အမေရိကန်အသင်းနဲ့ ပူးပေါင်းစေချင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဘာလိုဂန်ဟာ အင်္ဂလန်နဲ့ အမေရိကန် လူငယ်အသင်းတွေမှာ ပါဝင်ကစားထားခဲ့ဖူးပြီး အင်္ဂလန် ယူ-၂၁အသင်းမှာတော့ (၁၃)ပွဲကစား (၇)ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့် အင်္ဂလန် လက်ရွေးစင်အသင်းမှာက ဘာလိုဂန်အတွက် နေရာက မလွယ်ကူနိုင်တာကြောင့် ပူလီဆစ်က သူတို့ အမေရိကန်အသင်းနဲ့ လက်တွဲစေချင်နေတာလည်း ဖြစ်ပါတယ်။